February 2, 2010

ကမ္မသတ္တိနှင့် ကမ္မ၀ါဒ(၂)

လူဝင်စားမှုသုတေသီ ဒေါက်တာစတီဗင်ဆင်၏ အဆိုအားဖြင့် ကမ္ဘာပေါ်အချို့အရပ်ဒေသရှိ လူမျိုးစုတို့သည် ဘ၀သံသရာကို ယုံကြည်သော်လည်း ကမ္မ၀ါဒကို လက်မခံကြချေ။ သူ၏ လူဝင်စားမှု သုတေသန မှတ်တမ်း၌ ဘ၀တဏှာကြောင့် ဘ၀သစ်တဖန်ဖြစ်သည်ဟု ယူဆရန် အထောက်အထားများရှိသော်လည်း အတိတ်ကံအကျိုးပေးမှုနှင့် ပတ်သက်သော အထောက်အထားများကို မတွေ့ရချေ။ ဘ၀သံသရာ အစွဲရှိသော ကမ္မ၀ါဒီတို့ကမူ ကမ္မ၀ိပါကသည် သေပြီးနောက်ဘ၀၌ မချပေါ်လာရမည်ဟု ယုံကြည်ကြပေသည်။ ဤယုံကြည်ချက်ကို သိပ္ပံနည်းကျ စူးစမ်းလေ့လာရန် လုံးဝမဖြစ်နိုင်ချေ။

အတိတ်ကံနှင့် ပတ်သက်၍ သိပ္ပံနည်းကျ ဆင်ခြင်သုံးသတ်မှုကို ပိတ်ပင်တားဆီးသော အချက်တစ်ခုရှိ၏။ သိပ္ပံပညာသည် လူနှင့် တိရစ္ဆာန်ကိုမခွဲခြားပဲ သတ္တလောကတစ်ခုလုံးသည် သဘာဝ အကြောင်းတရားများ၏ ပြုပြင်စီရင်မှုကို ထပ်တူထပ်မျှ ခံစားရသည်ဟု ခံယူ၏။ သို့ဖြစ်၍ ဆေးပညာရှင်တို့သည်လူတို့၌ ဖြစ်ပွားသော ရောဂါများအကြောင်းကို သုတေသနပြုရာ၌ တိရစ္ဆာန်များကို ခွဲစိတ်လေ့လာ၍ အကြောင်းတရား
ကိုရှာကြ၏။ စိတ်ပညာရှင်တို့သည်လည်း လူ့စိတ်သဘာဝကို ခြေခြေမြစ်မြစ် သိရှိနားလည်ရန် ကြွက၊် မျောက်စသော သတ္တ၀ါများကို လေ့လာကြရ၏။ ထိုနည်းဖြင့် လေ့လာသောသိပ္ပံပညာကို ထောက်ချင့်၍ အထက်ပါ သိပ္ပံပညာခံယူချက် မှန်ကန်ကြောင်း ထင်ရှား၏။ သို့ရာတွင် လူတို့သည် ထိုခံယူချက်ကို အကြွင်းမဲ့ အသိအမှတ်ပြု လိုကြမည် မဟုတ်ချေ။


ဥပမာ မိုးရာသီ၌ တိရစ္ဆာန်တစ်ကောင် မိုးကြိုးထိမှန်၍ သေဆုံးပါက ကမ္မ၀ါဒီသည် တိရစ္ဆာန်၏ အတိတ်ကံကို စဉ်းစားမည်မဟုတ်။ သိပ္ပံဆရာကမူ တိရစ္ဆာန်အား မိုးကြိုး ထိမှန်ခြင်း၏ အကြောင်းတရားများကို ထောက်ပြနိုင်ပေမည်။ တိရစ္ဆာန်အစား လူတစ်ယောက် မိုးကြိုးပစ်ခံရ၍ သေဆုံးလျှင်လည်း သိပ္ပံအမြင်အားဖြင့် ထိုသို့ ဖြစ်ပျက်မှုသည် ထိုအကြောင်းအရာများကြောင့် ဖြစ်၏။ ကမ္မ၀ါဒီကမူ လူသတ္တ၀ါ မိုးကြိုးထိမှန် သေဆုံးရမှု၌ အတိတ်ဘ၀က အကျင့်သီလ၏ နေရာကဏ္ဍ ပါဝင်သည် ဟုအစွဲအမြဲ ခံယူထားပေလိမ့်မည်။ သိပ္ပံပညာ၏ အလိုအားဖြင့်မူ လူတို့၏အကျင့်သီလသည် သဘာဝအကြောင်းတရားများကို ပြုပြင်စီရင်နိုင်စွမ်း မရှိချေ။


သို့ရာတွင် လူတို့သည် 'မကောင်းကြံဘေးဒဏ်ထိ'၊ 'တရားစောင့်သောသူကို တရားက ပြန်စောင့်သည်' စသည်ဖြင့် မည်သူမဆို မိမိအကျင့်သီလ၏ ကောင်းပြစ် ဆိုးပြစ်ကို ခံရမည် ဟု ခံယူထားကြ၏။ တရားမျှတမှုအတွက် ထာဝရဘုရားကိုဖြစ်စေ၊ သဘာဝဓမ္မ(၀ါ)ကမ္မနိယာမကိုဖြစ်စေ ယုံကြည်အားကိုးစားကြသည်။ လူတို့လိုလား တောင့်တသော ကျပ်ပြည့်တင်းပြည့် တရားမျှတမှုသည် မဟာဗြဟ္မာဘုံ (၀ါ) ထာဝရဘုရား၏ ကောင်းကင်ဘုံ၌ ရှိကောင်းရှိပေမည်။ ဤလောက၊ ဤဘ၀သံသရာ၌ ၎င်းကိုမျှော်မှန်း နေခြင်းမှာ အချည်းနှီးဖြစ်၏။ ကမ္ဘာ့ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့ စသော ကမ္ဘာ့အဖွဲ့အစည်းများသည် ဤလူ့ပြည်၌ တရားမျှတမှု ထွန်းကားရန် အမျိုးမျိုးကြိုးပမ်း ဆောင်ရွက်နေကြ၍ အတော်အသင့် အောင်မြင်နေသည် မှန်သော်လည်း ယနေ့များစွာသော လူတို့သည် တရားနှင့် လျှော်ညီသောကောင်းကျိုးဆိုးပြစ်ကို မခံယူရခြင်းမှာ ထင်ရှား၏။ ဘာထရန်ဆယ် ကမ္ဘာပေါ်၌ တရားမျှတမှု လုံးဝမရှိခြင်းကြောင့် ဤလူ့ဘုံသည် ဒုက္ခ ဘုံဖြစ်နေကြောင်း ရေးသားခဲ့၏။ စင်စစ် လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းနေသော လူတို့ကမ္ဘာ၌တရားမျှတမှု မရှိခြင်းမှာ မထူးဆန်းလှချေ။


လုတို့ ယုံကြည်အားထားသော ကမ္မနိယာမသည် ဘ၀သံရာ၌ တရားမျှတမှုကို မည်သို့ စီမံဖန်တီးပါမည်နည်း။ ကမ္မနိယာမသည် ယခု အသိပညာရှင်အားလုံး အသိအမှတ်ပြုထားသော တရားမျှတမှု ဂုဏ်လက္ခဏာများက ဖော်ဆောင်နိုင်ရပေမည်။ ထင်ရှားသော လက္ခဏာတစ်ခုမှာ လူတစ်ဦးဒုစရိုက်ပြစ်မှု ကျူးလွန်ရာ၌ သူတစ်ဦးတည်းသာ အပြစ်ရှိသည် မဟုတ်ဘဲ သူ၏ပတ်ဝန်းကျင် လူများ၌လည်း အပြစ် (၀ါ) တာဝန် အနည်းအများရှိကြောင်း သိမှတ်မှုဖြစ်၏။ဥပမာ နိုင်ငံဝန်ထမ်းတစ်ဦး ပြည်သူ့ဘဏ္ဍငွေကို အလွဲသုံးစားပြုမှု၌ လစာငွေဖြင့် မိသားစုရပ်တည်ရန် မဖြစ်နိုင်လောက်အောင် မယားဖြစ်သူ၏ အသုံးအဖြုန်းကြီးမှု၊ အပေါင်းအသင်းများ၏ မြှောက်ပင့်ပေးမှု စသည်များကို ထည့်သွင်းစဉ်းစားပါမှ ဆုံးဖြတ်ချက် တရားနည်းလမ်းကျမည်ဖြစ်၏။


တရားမျှတခြင်း၏ အခြားလက္ခဏာ တစ်ရပ်မှာ အပြစ်ဒဏ်သည် ကျူးလွန်သောအပြစ်နှင့် လျှော်ညီမှုဖြစ်၏။ ရှေးအခါက အင်္ဂလန်နိုင်ငံ၌ ခိုးမှုဖြင့် အပြစ်ထင်ရှားသောသူသည် သေဒဏ် ချမှတ်ခြင်းခံရ၏။ ယခုအခါ၌မူ အနောက်နိုင်ငံ အတော်များများ၌ သေဒဏ်ပေးခြင်းကို လုံးဝပယ်ဖျက်ထား၏။ လူသတ်မှုကဲ့သို့သော ရာဇ၀တ်ပြစ်မှုကြီးများ ကျူးလွန်သူကိုပင် သေဒဏ်ပေးခြင်းမှ အထက်က ဖော်ပြခဲ့သည့် အတိုင်း
လူသတ္တ၀ါတစ်ဦး ဒုစရိုက်ပြစ်မှုကျူးလွန်ရာ၌ နီးစပ်သောအခြားလူများ၌ တစ်စိတ်တစ်ဒေသ တာဝန်ရှိကြောင်း နိုင်ငံအစိုးရတို့ သိမြင်လာမှုတို့ကြောင့် ဖြစ်၏။


အဋ္ဌကထာများမှ ကျွန်ုပ်တို့သိရသော ကမ္မနိရာမသည် အထက်ပါအချက်များကို လုံးဝအလေးထားဟန် မရှိချေ။


ဗုဒ္ဓသည် အခါအခွင့် ကြုံသောအခါ၌ပင် ပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦး၏ အတိတ်ဘ၀ကံအကြောင်းကို မဟောခဲ့ချေ။ တစ်ခါက ဗုဒ္ဓသည် ရဟန္တာပုဂ္ဂိုလ်တစ်ဦးကို ညွှန်ပြ၍ "ရဟန်းတို့သင်တို့သည် မကောင်းသောအဆင်းရှိသော ပုသော ပုထုဇဉ်ရဟန်းတို့၏ ရှုတ်ချမှုကိုခံရသော ထိုရဟန်းကို မြင်ကြကုန်၏လော" ဟုမေး၍ ထိုရဟန်း၏ အတိတ် မကောင်းမှုကံအကြောင်းကို လုံးဝမဟောချေ။ (ဥဒါန်းပါဠိတော်၊စူဠ၀ဂ်၊အမရသက၊ဏ္ဍလဘဒ္ဒိယသုတ်) နွားမဝှေ့၍ ကွယ်လွန်သော ရဟန္တာတစ်ပါး၏ ရှေးအတိတ်ကံ အကြောင်းနှင့် ပတ်သက်၍လည်း မည်သို့မျှ မိန့်ကြားတော် မမူချေ။ (ဥဒါန်းပါဠိတော်၊ဗောဓိဝဂ်၊ဗာဟီယသုတ်)


အဋ္ဌကထာဆရာများနှင့် ဗုဒ္ဓ၀ါဒီအများစု ခံယူထားသည့်အတိုင်း ကမ္မ၀ါဒသည် ဘ၀သံသရာနှင့် ဆက်စပ် နေသည် မှန်ပါကဘ၀သံသရာ အကြောင်းဗုဒ္ဓဟောသော ဒေသနာများနှင့် အညီ ယင်းကို ကျွန်ုပ်တို့ သိမြင်နားလည်ရပေမည်။ စင်စစ် ဗုဒ္ဓ၏ကမ္မ၀ါဒ ဒေသနာများသည် ဘ၀သံသရာ ဒေသနာများနှင့် ဆန့်ကျင်ခြင်းမရှိချေ။ "ငါ့ရှင် နိဂဏ္ဍတို့၊ သင်တို့သည် ငါကားရှေးက မကောင်းမှုကံကို ပြုခဲ့ဖူးသည် ဟူ၍လည်းကောင်း၊ မပြုခဲ့ဖူးဟူ၍လည်းကောင်း သိကြပါကုန်၏လော" (မဇ္စိုမနိကာယ်၊ဒေ၀ဒဟသုတ်)။ ဤစကားဖြင့် ဗုဒ္ဓသည် မည်သူမှ သေချာတတ်အပ် မသိနိုင်သော အတိတ်ဘ၀ကံ၌ မစွဲလန်းရန် ဟောကြား၏။


တမလွန်ဘ၀၌ ရရှိမည်ကံအကြောင်းတရားကို ဟောသော ဗုဒ္ဓဒေသနာများသည် ပုထုဇဉ်သတ္တ၀ါတို့ အဖို့ဖြစ်၍ အသိဥာဏ် ရင့်ကျက်သောပုဂ္ဂိုလ်တို့ အဖို့မဟုတ်။ ထိုသို့သော ကံအကျိုးတရားကို ယုံကြည်ခြင်းသည် ဘ၀သံသရာအယူကဲ့သို့ပင် အာသဝေါတရား၏ အာရုံဖြစ်သောကောင်းမှုအဖို့ ဖြစ်စေသော၊ ဥပဓိကိုရင့်စေသော သမ္မာဒိဋ္ဌိ ဖြစ်၏။ "မြတ်သော အာသဝေါတရား၏ အာရုံမဟုတ်သော၊ လောကုတ္တရာ မဂ္ဂင်ဖြစ်သော သမ္မာဒိဋ္ဌိမဟုတ်ချေ။" (မဇ္စိုမနိကာယ်၊ မဟာစတ္တာရီသကသုတ်)


ထို့ကြောင့် ဗုဒ္ဓ၀ါဒီသည် ဒါန သီလစသော ကောင်းမှုပြုရာ၌ တမလွန်အကျိုးစီပွားကို မျှော်မှန်း၍ မပြုအပ်။ "ငါ၏ ထိုကံသည် တမလွန်ဘ၀၌ ခံစားအပ်သော အကျိုးရှိစေသတည်း။ မျက်မှောက်ဘ၀၌ ခံစားအပ်သော အကျိုးရှိစေသတည်း။ ငါ၏ကံသည် အကျိုးပေးခွင့် အလှည့် သင့်စေသတည်း စသည်ဖြင့် ရည်ရွယ်၍ မြတ်သောအကျင့်ကို ကျင့်သုံးအပ်သည်မဟုတ်။ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်းသာလျှင် ကျင့်သုံး
အပ်ပေ၏။ "(အင်္ဂုတ္တရနိကယ်၊ န၀ကနိပါတ် ၊မဟာကောဋ္ဌိကသုတ်)


"အို သာရိပုတ္တရာ၊ အလှူဒါနပေးရာ၌ အလှူ၏အကျိုးကို တမလွန်ဘ၀၌ ခံစားရလေအံ့။ အမျိုးအနွယ်၏ အစဉ်အလာက စောင့်ရှောက်အံ့စသဖြင့် ငဲ့ကွက်ခြင်း အစရှိသော အကြောင်းကြောင့် ပေးလှူသော ဒါနသည်ကြီးသော အာနိသင်ရှိမည် မဖြစ်။ ထိုသို့မငဲ့ကွက်ဘဲ စိတ်၏တန်ဆာ၊ စိတ်၏အခြံအရံ အကျိုးငှာ ပေးလှူခြင်းသာလျှင် အကျိုးကြီးမား၏။" (အင်္ဂုတ္တရနိကယ်၊သတ္တနိပါတ်၊ဂဂ္ဂရာသုတ်)


သို့ဖြစ်၍ တမလွန်ဘ၀ကောင်းစားရေးအတွက် (၀ါ) သံသရာ "အထုပ်အထည်" အတွက် ကုသိုလ်ကောင်းမှုပြုခြင်းသည် ဗုဒ္ဓလမ်းစဉ်မဟုတ် ဗုဒ္ဓ၏ကမ္မ၀ါဒသည် ပစ္စုပ္ပန်ကို ဦးစားပေး၍ ကံတရား၏ မျက်မှောက်အကျိုးပေးမှုကို ရှေ့တန်းတင်သောဝါဒ ဖြစ်၏။ အောက်ပါဒေသနာများသည် သာမန်ပုထုဇဉ် သတ္တ၀ါ တို့အား ဟောကြားသော ကမ္မ၀ါဒ တရားမျိုးမဟုတ်ကြောင်း သတိပြုသင့်ပေ၏။



"အိုလုလင်၊ ဤသို့လျှင် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည်ပသက်ရှည်စေတတ်၏။ အသက်တိုခြင်းကို ဖြစ်စေသောအကျင့်သည် အသက်တိုစေတတ်၏။ အနာများခြင်း၊ အနာကင်းခြင်း ၊ အဆင်းမလှခြင်း၊ အဆင်းလှခြင်း၊ အခြံအရံနည်းခြင်း၊ အခြံအရံများခြင်း စသည်တို့သည်လည်း ထိုနည်းနှင်နှင်ဖြစ်၏။ "(မဇ္စိုမ နိကာယ်၊စူဠကမ္မ၀ိဘင်္ဂသုတ်) "ဒါယကာ အနာထပိဏ်သူဌေး၊ အရိယာ တပည့်သည် အသက်ရှည်ခြင်းကို အလိုရှိအံ့။ အသက်ရှည်ခြင်းကို နှုတ်ဖြင့်သော်လည်းကောင်း ၊စိတ်ဖြင့်သော်လည်းကောင်း တောာင့်တမနေဘဲ အသက်ရှည်စေမည့် အကျင့်ကိုကျင့်ရာ၏။ "(ပင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဣဋ္ဌသုတ်)


ဤနေရာတွင် အဋ္ဌကထာဆရာတို့၏ ကမ္မ၀ါဒစွဲပုဂ္ဂိုလ်တို့ ဆင်ခြင်သုံးသပ်ရန် အသက်ရှည်ခြင်းနှင့် ပတ်သက်သော အချက်တစ်ခုရှိ၏။ ယနေ့ကမ္ဘာပေါ်၌ အများအားဖြင့် လူတို့သည် ရှေးခေတ်လူတို့ထက် သက်တမ်းပိုမို မြင့်မားလာ၍ အနောက်နိုင်ငံသားတို့သည် ယေဘုယျအားဖြင့် အရှေ့တိုင်းသားတို့ထက် ပိုမိုအသက်ရှည်ကြောင်း အခိုင်အမာ သိရှိရ၏။ အဋ္ဌကထာ ဆရာတို့၏ အဆို အားဖြင့် အသက်ရှည်ခြင်းသည် အတိတ်ဘ၀က အကျင့်သီလ ကောင်းသောကြောင့် ဖြစ်၏။ သို့ရာတွင် အခုခေတ် လူတို့ သည် ရှေးခေတ်လူတို့ထက် သော်လည်းကောင်း အနောက်တိုင်းသားတို့သည် အရှေ့တိုင်းသားတို့ထက် သော်လည်းကောင်း အကျင့်သီလ ပိုမိုမြင့်မားသည် ဟုယူဆရန် အထောက်အထားလုံးဝမရှိချေ။


လူတို့၏ အသက်ရှည်မှုသည် မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်တရား(၀ါ) ဗဟိဒ္ဓသင်္ခါရတရားများ၏ ပြုပြင်စီရင်မှုအပေါ်၌တည်၏။ ပတ်ဝန်းကျင်အကြောင်းတရား၌ ပါဝင်သော လူတို့၏အပြုအမူ အနေအထိုင်၊ အကျင့်အကြံစသည်တို့သည် ပစ္စုပ္ပန်ကံဖြစ်၏။ အနောက်တိုင်းသားတို့သည် အသက်ရှည်စေသော ပစ္စုပ္ပန်ကံအား ကောင်းသောကြောင့် အသက်ရှည်ကြခြင်းဖြစ်၏။ အသက်ရှည်မှု အတွက် ပတ်ဝန်းကျင်သည်မျိုးရိုးဗီဇ ထက် ပိုမိုအရေးပါသည့်အပြင် မျိုးရိုးဗီဇကို ပြုပြင်၍ မရအပ်သောကြောင့် အထက်ပါ ဗုဒ္ဓဒေသနာနှင့်အညီ မျက်မှောက်အပြုအမူ အကျင့်အကြံ စသည်တို့ကို အလေးဂရုပြုရပေမည်။


အထက်ပါစကားများသည် အတိတ်ဘ၀မှကံ၏အကျိုးကို ဗုဒ္ဓ၏ကမ္မ၀ါဒက အသိမှတ်မပြု လုံးဝပယ်သည ဟုဆိုလိုခြင်း မဟုတ်ချေ။ အတိတ်ဘ၀ကံ၏ အကျိုးပေးမှုကို ဗုဒ္ဓဟောကြားသည် မှန်၏။ သို့ရာတွင် ထိုကမ္မ၀ိပါက၏ နေရာကဏ္ဍသည ဗုဒ္ဓ၀ါဒီလူအများစု ထင်သလောက် အရေးပါအရာ ရောက်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အတိတ် ဘ၀မှပါလာသော ကမ္မ၀ိပါကသည် လူတို့မသိမြင်၊ အစိုးမရသော တရားဖြစ်၏။ ထို့ပြင် လူတို့ဘ၀ကို ပြုပြင်စီရင်သော အမျိုးမျိုးသော အကြောင်းတရားများစွာ ရှိသည့်အနက် တစ်ခုသော အကြောင်းတရားမျှသာဖြစ်၏။ သို့ဖြစ်၍ ထိုကမ္မ၀ိပါကသည် အခြားအကြောင်းတရားများနှင့် တိုက်ဆိုင်ညီညွတ်သော၊ သင့်လျှော်သော အခြေအနေ၌သာလျှင် အကျိုးပေးခွင့်ရ၍ ယင်းနှင့်ဆန့်ကျင်သော အကြောင်းတရားများကို အခါခတ်သိမ်း လွန်ဆန်နိုင်မည် မဟုတ်ချေ။


ဤအချက်သည် အထက်က ပြဆိုခဲ့သော လူတို့အသက်ရှည်မှု၌ ထင်ရှား၏။ အသက်ရှည်မှုကို ဖန်တီးသော အကြောင်းတရား နှစ်ခုရှိသည့်အနက် မျိုးရိုးဗီဇသည် ကမ္မသတ္တိ(၀ါ) ကမ္မ၀ိပါက ဖြစ်သည်ဆိုက မှားမည်မဟုတ်ချေ။ အနောက်နိုင်ငံ သုတေသီဆရာတို့၏ လေ့လာချက်အရ အသက်ရှည်ခြင်းသည် မျိုးရိုးဗီဇနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ဤတွေ့ရှိခက်မှာ ယေဘုယျ သဘောဖြစ်၍ ပုဂ္ဂိုလ်သတ္တ၀ါ အားလုံးအဖို့ မမှန်ကန်ချေ။ မိဘများက မျိုးရိုးအလိုက် အသက်ရှည်ပါလျက် အသက်တိုသောသူများရှိခြင်းမှာ ကျွန်ုပ်တို့ မျက်မြင်အထင်အရှား ဖြစ်၏။

(ဆက်လက်ဖော်ပြပါဦးမည်)
...............................................................................
ထိုရေးသားမှုများမှာ ဆရာဦးအေးမောင် ရေးသားခဲ့သော ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကျမ်းမှ ကမ္မသတ္တိနှင့် ကမ္မ၀ါဒအခန်းအား တိုက်ရိုက်ကူးယူဖော်ပြထားခြင်းဖြစ်သည်။ ထိုသို့ဖော်ပြခြင်းကြောင့် အဓိပ္ပာယ်တစ်စုံတစ်ရာချုပ်ယွင်းကုန်ငြားအံ့။ မူရင်းကျမ်းပြု ဆရာဦးအေးမောင်နှင့် ဘာမျှမသက်ဆိုင်ဘဲကြိုးစားရန် အထူးလိုသေးသော အကျွန်ုပ်၏တာဝန်သာဖြစ်ပြီး ထိုစာများကြောင့် စာဖတ်သူအတွက် တစ်စုံတစ်ခု အကျိုးရှိစေငြားအံ့။ မူရင်းကျမ်းပြုသူ ဆရာဦးအေးမောင်ကိုသာ လေးစား ကျေးဇူးတင်ရန် တိုက်တွန်းလိုပါသည်

0 comments:

Post a Comment

GO UP