February 2, 2010

ကမ္မသတ္တိနှင့် ကမ္မ၀ါဒ(၄)

အနောက်နိုင်ငံ စိတ်ပညာ၏ အဆိုအားဖြင့် အလေ့အကျင့်များသည် စိတ်ဓာတ်စရိုက်၏ အခြေခံဖြစ်၏။ ၀ိသုဒ္ဓိမဂ်ကျမ်း၌ လောဘစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါ စရိုက်၊ ပညာစရိုက်နှင့် ၀ိတက္က (တွေးခေါ်မှု) စရိုက် ဟူ၍ စရိုက်ခြောက်မျိုး ပြဆိုထား၏။ စင်စစ် လူ့တို့စရိုက် တို့မှာထူးထွေ များပြား၍ အသေးစိတ်ဖေါ်ပြရန် မဖြစ်နိုင်ချေ။ ပုဂ္ဂိုလ်သတ္တ၀ါတို့၏ စိတ်ဓာတ်စရိုက်များသည် အများအားဖြင့်မျိုးရိုးဗီဇနှင့် ဆက်စပ်နေ၍ အတိတ်ဘ၀မှ ပါလာသော ကမ္မ၀ိပါက(၀ါ) ကမ္မသတ္တိများဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။

ဤယူဆချက်အတွက် ဗုဒ္ဓဒေသနာအထောက်အထားများ မရှိချေ။ စဉ်းစားရန် အချက်တစ်ခုမှာ ဗုဒ္ဓသည် ဤအကြောင်းကို တိုက်ရိုက် ဟောကြားစေကာမူ ဘ၀ဟောင်းမှ ကမ္မသတ္တိများသည် ဓာတ်ချင်းတူ၍ နီးစပ်သော သက်ရှိလူတို့၏ ကမ္မသတ္တိ(၀ါ) ဗီဇသတ္တိများနှင့် ပူးပေါင်းကြသည်ဟု ဆိုလိုဟန်ရှိသော ဒေသနာများကို ပိဋကတ်စာပေ၌ တွေ့ရ၏။ ထိုဒေသနာများ ဗုဒ္ဓဟောကြားခဲ့သော အကြောင်းအရင်းကိုမူ ပိဋကတ်၌ လုံးဝဖော်ပြမထားချေ။


"ရဟန်းတို့၊ ဓာတ်တူ သဘောထားဖြင့်သာလျှင် သတ္တ၀ါတို့သည် နှီးနှော ညီညွတ် ကြကုန်၏။ ဥပမာအားဖြင့် မစင်ချေးသည် မစင်ချေးနှင့်၊ နို့ရည်သည် နို့ရည်နှင့် ထောပတ်သည် ထောပတ်နှင့် သာလျှင် နှီးနှောညီညွတ်သကဲ့သို့ သူယုတ်သည် သူယုတ်နှင့် သူမြတ်သည် သူမြတ်နှင့် သာလျှင် နှီးနှောညီညွတ်၏။ သတ္တ၀ါတို့သည် လွန်လေပြီးသော အတိတ်၊ ယခုပစ္စုပ္ပန်နှင့် နောင်လာ လတ္တံ့သောအဓွန့်ကာလ တို့၌လည်း ထိုနည်းအတူ ဓာတ်တူသဘောတူအားဖြင့်သာလျှင် နှီးနှောကြကုန်လတ္တံ့။" (သံယုတ်နိကာယ်၊ နိဒါန၀ဂ်၊ဓာတုသံယုတ် ၊ ဟီနာဓိ မုတ္တိကသုတ်မှ ဒသင်္ဂသုတ်အထိသုတ်အပေါင်း၁၆ခု။ ဣတိဝုတ်ပါဠိတော်၊ တိကနိပါတ်၊ ဓာတုသန္ဓနသုတ်၌လည်း ထိုနည်းတူဟောတော်မူသည်။)

သို့ဖြစ်၍ နောက်နိုင်ငံများမှ အချို့သော ဗုဒ္ဓစာပေပညာရှင်တို့သည် ဘ၀ဟောင်းမှ ဘ၀အသစ်သို့ ကမ္မသတ္တိ ကူးပြောင်းခြင်းကို စိတ်ဓာတ်စရိုက် ကူးပြောင်းမှုအဖြင့် နားလည်ခံယူကြ၏။ ဤခံယူချက်အတွက် အတော်အတန် တိကျခိုင်မာသော အထောက်အထားမှာ ဒေါက်တာစတီဗင်ဆင် လေ့လာခဲ့သော လူဝင်စားများဖြစ်၏။ ထိုလူဝင်စားများ၌ လူဝင်စားနှင့် ဘ၀ဟောင်းမှ ပုဂ္ဂိုလ်တို့စရိုက်၊ ၀ါသနာ၊ စိတ်နေစိတ်နေစိတ်ထား အတော်များများ တူညီနေမှုကို တွေ့ရ၏။ ထိုတွေ့ရှိချက်များကို အခြားစာအုပ်၌ (ဦးအေးမောင်- သေသည်၏အခြားမဲ့၌) စုံစုံစေ့စေ့ဖော်ပြပြီးဖြစ်၍ ယခုထပ်မံရေးသားရန် မလိုချေ။ သတိပြုရန်အချက်မှာ ဒေါက်တာစတီဗင်ဆင်သည် ဆယ်ကျော်သက်အရွယ်ထိ လူဝင်စားကလေးငယ်များကို သာလျှင် လေ့လာခဲ့ခြင်းဖြစ်၍ မွေးရာပါ စိတ်ဓာတ် စရိုက်များသည် အသက်အရွယ်၊ ဘ၀ပတ်ဝန်းကျင်စသည်တို့ နှင့် သပ္ပါယဖြစ်မှ ထင်ရှားလာတတ်၏။ မည်သို့ဖြစ်စေ ယခုထိ လူဝင်စားမှုတွေ့ရှိချက်များသည် ဗုဒ္ဓ၏၀ါဒကို လက်ခံရန် အတန်ခိုင်လုံသော အထောက်အထားရှိသည့်အပြင် မျိုးရိုးဗီဇပညာရှင်တို့ နားလည်းရန်ခက်ခဲသော အချို့ ဖြစ်ရပ်များကို ရှင်းပြနိုင်လိမ့်မည်ဟု မျှော်လင့်ရ၏။


မစ္စရိုက်ဒေးဗစ်၏ အဆိုအားဖြင့် "ကျွန်ုပ်တို့သည် လျှပ်စစ်ဓာတ်အားအကြောင်းကို ခြေခြေမြစ်မြစ် မသိသော်လည်း ထိုဓာတ်အားရှိသည် ဟုယုံကြည်ကြ၏။ သားသမီးကမိဘ၏ စိတ်ဓာတ်စရိုက်ကို မည်သို့ဆက်ခံရရှိကြောင်းကို နားမလည်သော်လည်း မျိုးရိုးလိုက်ခြင်းကိုမူ ယုံကြည်ကြ၏။ လူတစ်ဦးနှင့် တစ်ဦး စိတ်ဓာတ်ဆက်သွယ်မှုကို အချို့ လူများ ယုံကြည်ကြသော်လည်း မည်သို့မည်ပုံ ဆက်သွယ်သည်ကို နားမလည်ကြချေ။ ဗုဒ္ဓ၀ါဒီတို့သည်လည်း ကမ္မသတ္တိ၏ သဘာဝကို နက်နက်နဲနဲ သိမြင်နားလည်ကြသည် မဟုတ်။ ကမ္မ၀ါဒသည် သိပ္ပံနည်းဖြင့် စိစစ်၍မရအပ်သော ၀ါဒဖြစ်၏။ သို့ရာတွင် သိပ္ပံပညာသည် လူ၏စိတ်ဓာတ်၊ သတ္တိများ ၊ မျိုးရိုးလိုက်ခြင်းနှင့် ပတ်သက်သော အချို့အချက်များကို ယခုတိုင် မဖြေရှင်းနိုင်ဘဲရှိရာ ကမ္မ၀ါဒသည် ထိုပြဿနာမျိုးအတွက် အခက်အခဲကြုံတွေ့ဖွယ်ရာ မရှိချေ။"


ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ အတ္တမရှိဘဲ ဘ၀ဟောင်းမှ ကမ္မသတ္တိလက်ခံရရှိပုံကို မိလိန္ဒပဥှာ၌အရှင်နာဂသိန်က ဥပမာအမျိုးမျိုးဖြင့် ရှင်းပြခဲ့၏။ အမေရိကန်ပညာရှင်တစ်ဦးကမူ ထိုအကြောင်းကို အောက်ပါအတိုင်း ရေးသား၏။


"ဥပမာတစ်ခုကို စဉ်းစားကြည့်ပါက အတ္တမရှိဘဲ ဘ၀အသစ်သို့ ကမ္မသတ္တိ ကူးပြောင်းသွားသည် ဆိုသော ဗုဒ္ဓ၀ါဒီတို့၏စကားသည် သဘာဝယုတ္တိရှိကြောင်းထင်ရှား၏။ ပျံလွှားငှက် နှင့် ဗီလုံးငှက်သည် သိသိသာသာခြားနား၍ ထိုခြားနားမှုသည် မျိုးရိုးဗီဇ မတူညီမှုကြောင့်ဖြစ်၏။ ပျံလွှားငှက်၏ မျိုးရိုးစဉ်ဆက်ကို ပြုပြင်ခဲ့သော အကြောင်းတရားများနှင့် ယင်းတို့၏ အကျိုးအဆက်များသည် အနမတဂ္ဂဖြစ်၍ ပျံလွှားငှက်ဥထဲ၌ ဗီဇဓာတ်အဖြင့် ကိန်းအောင်းလျက်ဆိုင်ရာ ၀ိပါတ်အကျိုးတရားများကို သာလျှင် ဖြစ်ပေါ်စေမည်ဖြစ်၏။ ထိုဥထဲမှ ဗီလုံးငှက်ထွက်ပေါ်လာမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဗီလုံးငှက်ကိုဖြစ်စေသော အကြောင်းတရား(၀ါ) ကမ္မသတ္တိမှာ တသီးတခြားဖြစ်၏။ စင်စစ် ဗုဒ္ဓ၀ါဒီနားလည်သောကမ္မသတ္တိမှာ ဗီဇသတ္တိမဟုတ်။ ကမ္မသတ္တိ ဟူသော စကားသည် မိဘများထံမှ လူတစ်ဦးရရှိသော မျိုးရိုးဗီဇသတ္တိများကိုမဆိုလိုဘဲအတိတ်ဘ၀များမှ ပါလာသော ဂုဏ်အင်္ဂါသတ္တိများကိုသာ ဆိုလိုခြင်းဖြစ်၏။ သို့ရာတွင် ဤချားနားချက်ကို ချန်လှပ်၍ ဗုဒ္ဓ၏ကမ္မ၀ါဒသည် သိပ္ပံပညာရှင်တို့၏ မျိုးရိုးဗီဇ၀ါဒနှင့် များစွာ နီးစပ်တူညီလှပေသည်။ "

အထက်ပါ အမေရိကန် ပညာရှင်၏ အမြင်အားဖြင့် ကမ္မသတ္ထ္တိသည် ဗီဇသတ္တိကဲ့သို့ သတ္တ၀ါတစ်ဦးက အခြားသတ္တ၀ါတစ်ဦးထံမှ ဆက်ခံရရှိသော အရာမျိုးမဟုတ်ဘဲ သတ္တ၀ါတစ်ဦး မိမိ၏အတိတ်မှ ရရှိသောသတ္တိဖြစ်၏။ သို့ရာတွင် လွန်ခဲ့သောအခန်း၌ ဘ၀ဟောင်းမှသတ္တ၀ါနှင့် ဘ၀သစ်မှသတ္တ၀ါသည် လောကဝေါဟာရအားဖြင့်(၀ါ) သမုတိသစ္စာနယ်၌ပင် တသီးတခြားသတ္တ၀ါများ ဖြစ်သည်ဟု မှတ်ယူရန် စဉ်းစားဖွယ်ရာ အကြောင်းအချက်အလက်များကို ဖော်ပြခဲ့ပေပြီ။ သို့ဖြစ်၍ ဗုဒ္ဓကျမ်းပြု အင်္ဂလိပ်ရဟန်းတော် ဘိက္ခုသီလစာရက "အနတ္တ၀ါဒကို သိမြင်နားလည်သောသူသည် တမလွန်ဘ၀၌ မိမိကောင်းစားရေးအတွက်ဘာပြုလုပ်ရမည်ကို မစဉ်းစားသင့်။ ငါသည်တခြားသူများ ကောင်းစားရေးအတွက် ဘာပြုလုပ်သင့် သနည်း။ ငါသည် အကြင်ကမ္မ၏ ယခုလက်ရှိ ရုပ်နာမ်ခန္ဓာဖြစ်၏။ ထိုကမ္မ၏ နောင်ဘ၀ ရုပ်နာမ်ခန္ဓာအား ဆင်းရဲဒုက္ခ မဖြစ်စေခြင်းငှာ ငါမည်သို့  ပြုကျင့်အပ်သနည်း ဟူ၍သာလျှင်စဉ်းစားသင့်သည်။" ဟုဆိုခဲ့၏။ ဒေါက်တာ ရိုင်းစ်ဒေးဗစ်ကလည်း "ဗုဒ္ဓ၀ါဒသည် တမလွန်ဘ၀၌ မိမိကိုယ်တိုင် ခံစားရမည့် ချမ်းသာသုခကို မမျှော်မှန်းနိုင်ချေ။ သူပြုသော ကောင်းမှုများ၏ အကျိုးတရား(၀ါ) ကမ္မ၀ိပါက်သည် သူသေသောအခါ ကျန်ရှိ၍ အခြားသတ္တ၀ါများ၏ စီးပွားချမ်းသာ တိုးတက်မှုကို အကျိုးပြုပေလိမ့်မည်"ဟုရေးသားခဲ့၏။

အထက်ပါယူဆချက်ကို အတ္တစွဲမကင်းသော ပုဂ္ဂိုလ်တို့က ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ချေ။ အင်္ဂလိပ် ဗုဒ္ဓကျမ်းပြုဆရာ မစ္စတာ အက်ဒ်မွန်ဟုမ္မစ်က "လူတစ်ဦး သည် အခြားလူတစ်ဦး၏ ကမ္မအမွေကို ဆက်ခံ၍ ထိုအခြား လူပြုခဲ့သော အမှုများ အတွက် ကောင်းကျိုဆိုးပြစ်ကိုခံရမည် ဆိုသောစကားမှာ အဓိပ္ပာယ်ယုတ္တိ ကင်းမဲ့၍ ကျွန်ုပ်တို့နားလည်သော တရားမျှတမှု၏ အဓိပ္ပာယ်နှင့်လည်း ဆန့်ကျင်လှချေသည်" ဟု မှတ်ချက်ချ၏။ အက်ဒ်မွန်ဟုမ္မစ်သည် အတ္တ၀ါဒီဖြစ်၍ ဒေါက်တာရိုင်းစ်ဒေးဗစ်၏ စကားကို လက်မခံနိုင်ခြင်းမှာ အံ့သြစရာမရှိချေ။

သို့ဖြစ်စေကာမူ တမလွန်ဘ၀ကို အပထား၍ မျက်မှောက်ဘ၀၌ ပုဂ္ဂိုလ်သတ္တ၀ါတိုင်းသည အခြားသူတစ်ပါးပြုသော အမှုများ၏ ကောင်းကျိုးဆိုးပြစ်ကို အနည်းအများ ခံယူနေရခြင်းမှာ ကျွန်ုပ်တို့အားလုံး မျက်မြင်အထင်အရှားဖြစ်၏။ သားသမီးတို့သည် မိဘတို့၏ ကောင်းမွေဆိုးမွေကို ခံယူကြရသည် မဟုတ်ပါလော။ သားသမီးဖြစ်သူ၏ လိမ္မာမှု၊ မိုက်မဲမှုသည် မိဘများအပေါ် အကျိုးသက်ရောက်သည် မဟုတ်ပါလော။ တခါတရံ၌ လူတို့သည် ကုန်သည်ပွဲစား စီးပွားရေးသမားတို့၏ ၀ိသမလောဘကြောင့် လူနေမှုအဆင်အတန်းနိမ့်ကျနေသည် မဟုတ်ပါလော။ ဤနေရာ၌ ဒေါက်တာရိုင်းစ်ဒေးဗစ်၏ ရေးသားချက်မှာ မှတ်သားဖွယ်ရာကောင်း၏။ "ကျွန်ုပ်တို့သည် တမလွန်ဘ၀၌ ကျွန်ုပ်တို့ကိုယ်တိုင် ချမ်းသာသုခ ခံစားရမည် ဟူသော ယုံကြည်ချက်ရှိမှ ကောင်းမှုပြုတော့မည်လော။ ကျွန်ုပ်တို့၏ အနစ်အနာခံမှုနှင့် ကြိုးပမ်းမှု များ သည် အခြားပုဂ္ဂိုလ်တို့ အား ချမ်းသာသုခ ဖြစ်စေလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် နှစ်သိမ့်ကျေနပ်သင့်သည် မဟုတ်ပါလော။ ကျွန်ုပ်တို့သည် ခံစားခွင့်ရှိသည်ထက် ပိုမိုအကျိုးခံစား နေကြရ၏။ ကျွန်ုပ်တို့ ပေးနိုင်သည်ထက် အဆမတန်ပိုမိုရရှိနေကြ၏။ ရှည်လျားလှသော အတိတ်ကာလက အနစ်နာခံကာကြိုးပမ်းခဲ့ကြသော၊ မြောက်များစွာတို့၏ ကောင်းမှု အကျိုး(၀ါ) ကမ္မ၀ိပါကကို ခံစားနေကြရသည် ထို့အပြင် ကျွန်ုပ်တို့သည် မျှော်၍မဆုံး သော အနာဂတ်ကာလ၌ ကြီးပွား တိုးတက်ဦးမည့် လူ့လောကကို တစ်စွန်းတစ်စ စိတ်ကူး မှန်းဆနိုင်၏။ ဤအချက်သည်ပင် ကျွန်ုပ်တို့အား လေးနက်မှန်ကန်ပြီး ခိုင်မာတည်မြဲသောမျှော်လင့်မှု၊ ယုံကြည်မှုကိုတစ်ကိုယ်ကောင်းအတ္တစိတ်ထက် ပိုမိုပေးစွမ်းနိုင်သည်မဟုတ်ပါလော။ "


အခြားသူတစ်ပါး အပေါ်၌ ပုဂ္ဂိုလ်သတ္တ၀ါတစ်ဦး ပြုသောအမှု၏ အကျိုးသက်ရောက်မှု အတိုင်းအတာကို ကျွန်ုပ်တို့ ခန့်မှန်းတွက်ဆရန် မဖြစ်နိုင်ချေ။ အချို့သော အကျိုးသက်ရောက်မှုများသည် ကာယကံရှင် ၏ မိသားစု၊ တိုင်းပြည်၊ နိုင်ငံ၊ ခေတ်ကာလ၌ မပြီးဆုံးဘဲ ကာလဒေသကို ကျော်လွန် ထင်းရှားနေတတ်၏။ သိပ္ပံပညာရှင်၊ အတတ်ပညာရှင်တို့၏ လေ့လာစူးစမ်းမှု၊ တီထွင်ကြံဆမှုကို အကြောင်းပြု၍ ယနေ့များစွာသော ကမ္ဘာသူ ကမ္ဘာသားတို့သည် လူနေမှု အဆင့်အတန်း မြင့်မားလာကြ၏။ အတ္တ မာနလွှမ်းမိုးသော ပုဂ္ဂိုလ်တို့၏ အာဏာရှင်စနစ် ကျင့်သုံးမှုကြောင့် များစွာသော လူတို့သည် လူ့အခွင်အရေးများ ဆုံးရှုံး၍ နှစ်ပေါင်းများစွာ ဆင်းရဲ ဒုက္ခရောက်ခဲ့ကြရ၏။ လူသတ္တ၀ါသည် အတွင်းအပြင်(၀ါ) ဗီဇနှင့် ပတ်ဝန်းကျင် သင်္ခါရ တရားတို့၏ ပြုပြင် စီရင်မှုဖြင့် ကြီးပွားကြရ၏။ ထိုအကြောင်း တရား နှစ်ပါးသည် အချင်းချင်း အမှီသဟဲပြုနေသော တရားများဖြစ်၍ အခြေအနေ တစ်ဖက်စောင်းနင်းဖြစ်ပါက သတ္တ၀ါကြီးပွားရန် မမျှော်လင့်နိုင်ချေ။ အလွန်ချမ်းသာ ကြွယ်ဝသော သူသည် မိမိစီးပွား၊ ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရန် သတိ၊ ပညာ၊ ၀ီရိယစသော ဗီဇဓာတ်ခံအား အသင့်အတင့်ရှိ ရပေမည်။ ဘုရားသည်ပင် အမှီရှိမှပွင့်သည် ဆိုသော စကားရှိ၏။ ဗုဒ္ဓသည် လူတို့အား မိမိကိုယ်ကို မှီခိုအားထားရန် အလေးအနက် ဟောကြားခဲ့သည် မှန်သော်လည်း အခြားတစ်ဖက်၌ မိတ်ဆွေကောင်းရှိရန် လိုအပ်ခြင်းနှင့် မိဘ၊ သားသမီး၊ ဆရာတပည့်၊ ဇနီး ခင်ပွန်းစသည်တို့ပြုအပ်သော လူ့ကျင့်ဝတ်များ ဟောကြားခဲ့ခြင်းကို မမေ့သင့်ချေ။ ပုဂ္ဂိုလ် သတ္တ၀ါသည် ပတ်ဝန်းကျင်နှင့် လုံးဝကင်း၍ ထီးတည်းရပ်တည်ရန် မဖြစ်နိုင်ခြင်းသည် အနတ္တတရား၏ အဓိကသဘောလက္ခဏာဖြစ်၍ သူတစ်ပါအားပြုပြင်စီရင်ရာ၌ ပါဝင်ခြင်းဖြင့် သူတစ်ပါး၏ ပြုပြင်စီရင်မှု ခံရခြင်းသည် ကမ္မ၀ါဒ၏ အနှစ်သဘော လက္ခဏာဖြစ်၏။ များစွာသော ဗုဒ္ဓ၀ါဒီတို့သည် တရားမျှတမှုနှင့် ကောင်းကျိုးဆိုးပြစ် ခံစားရမှုကို အတ္တစွဲဖြင့်ရှုမြင်ကြသောကြောင့် ကမ္မ၀ါဒအပေါ် အမြင်မှန်မရရှိခဲ့ကြချေ။ အိန္ဒိယပညာရှင်တစ်ဦး၏ အဆိုအားဖြင့် "လူသတ္တ၀ါတစ်ဦး၏ဘ၀သည် အခြားသူ တစ်ပါးတို့၏ ဘ၀နှင့် ဆက်စပ်လျက်ရှိ၏။ အမှု တစ်ခုဖြစ်ပွားခြင်း အကြောင်းတရား၊ ယင်းအမှုအတွက် တာဝန်ရှိမှုနှင့် အကျိုးသက်ရောက်မှုသည် လူတစ်ဦး တစ်ယောက်တည်းနှင့် သာသက်ဆိုင်သည်မဟုတ်။ ကျွန်ုပ်တို့သည် အခြားလူများ၏ ကောင်းမွေဆိုးမွေကိုရရှိ၍ ကျွန်ုပ်တို့ ပြုကျင့်လိုက်သော အမှုများ၏ အကျိုးတရားများသည် အခြားသူများအဖို့ ကျွန်ုပ်တို့၏ ကောင်းမွေ ဆိုးမွေများ ဖြစ်၏။"


အခြား ပညာရှင်တစ်ဦးကမူ "သတ္တလောကကြီး တစ်ခုလုံး၏ အစိတ်အပိုင်းအဖြစ်ဖြင့် လူသတ္တ၀ါတို့ ဆက်စပ်နေသော အခြင်းအရာကို မသိမမြင်ပါက ကမ္မ၀ါဒီ၏ နက်နဲကျယ်ပြန့်သော အနက်အဓိပ္ပာယ်ကို သိမြင်နားလည် နိုင်မည်မဟုတ်။" ဟုဆို၏။ ဒေါက်တာရိုင်းစ်ဒေးဗစ်ကမူ ကမ္မ၀ါဒီနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေးသားခဲ့သည်။
"ကမ္မ၀ါဒီ၏ အခြေခံသဘောတရားသည် အလွန်လေးနက် မှန်ကန်ကြောင်း ကျွန်ုပ်တို့ ၀န်ခံရပေမည်။ လူသတ္တ၀ါ တစ်ဦး၏ ဘ၀ဖြစ်စဉ်သည် မွေဖွားချိန်မှ အစပြုသည်မဟုတ်။ သူသည် ပတ်ဝန်းကျင်လောကနှင့် ကင်း၍ ဘယ်အခါမျှ ထီးတည်းမရပ်တည်နိုင်ချေ။ လူကိုမဆိုထားဘိ အလွန်သေးငယ်သော ဆီးနှင်းပေါက်ကလေး သည်ပင် လောကဓာတ် စကြ၀ဠာ၏ ပြုပြင်မှုကိုခံရ၏။ ယင်းသည် ၀က်သစ်ချပင် မဟုတ်ဘဲ ဆီးနှင်းပေါက်ဖြစ်နေခြင်း၊ အခြားဆီးနှင်းပေါက်များနှင့် မတူခြင်းမှာ အနမတဂ္ဂ သံသရာ၌ ဖြစ်ပျက်ခဲ့သော ကမ္မအမှုများကြောင့်ဖြစ်၏။ ယင်း၏ ဘ၀ဖြစ်စဉ်အစကို ကျွန်ုပ်တို့ သတ်မှတ်ရန် မဖြစ်နိုင်ချေ။"

(ကမ္မသတ္တိနှင့် ကမ္မ၀ါဒ ပြီး၏)
...............................................................................

ထိုရေးသားမှုများမှာ ဆရာဦးအေးမောင် ရေးသားခဲ့သော ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကျမ်းမှ ကမ္မသတ္တိနှင့် ကမ္မ၀ါဒအခန်းအား တိုက်ရိုက်ကူးယူဖော်ပြထားခြင်းဖြစ်သည်။ ထိုသို့ဖော်ပြခြင်းကြောင့် အဓိပ္ပာယ်တစ်စုံတစ်ရာချုပ်ယွင်းကုန်ငြားအံ့။ မူရင်းကျမ်းပြု ဆရာဦးအေးမောင်နှင့် ဘာမျှမသက်ဆိုင်ဘဲကြိုးစားရန် အထူးလိုသေးသော အကျွန်ုပ်၏တာဝန်သာဖြစ်ပြီး ထိုစာများကြောင့် စာဖတ်သူအတွက် တစ်စုံတစ်ခု အကျိုးရှိစေငြားအံ့။ မူရင်းကျမ်းပြုသူ ဆရာဦးအေးမောင်ကိုသာ လေးစား ကျေးဇူးတင်ရန် တိုက်တွန်းလိုပါသည်။


0 comments:

Post a Comment

GO UP