March 22, 2012

အလွမ်း..



လာကြည့်လှည့် ချစ်သူ..

နင် ဖွင့်ခဲ့တဲ့ တံခါးလေးတစ်ချပ်

အထီးကျန်နေတယ်..


နွေးဦးကို ဖြတ်ခဲ့ပေမဲ့

ငါ့မှာ နွေးထွေးမှုလေးတစ်ခုတောင် မပေရေခဲ့ပါဘူး..

မိုးတွေရွာလို့ မိုးမထိလူသား..

နှင်းတွေကြွေတော့ နှင်းမခလူသား..

လောကမှာ သုံးရာသီပဲ ဆိုရင်တော့..

ငါဟာ လောကအပြင်က အကောင်တစ်ကောင်သာ ဖြစ်တယ်..


ဒါပေမဲ့..

ငါဟာလေ.. မိုးရွာတုန်းတော့ ရေအခံ ခံထိတဲ့ ကောင်ပါကွဲ့

ငါဟာလေ.. မိုးရွာတုန်းရေအခံ ခံထိတဲ့ ကောင်ပါကွဲ့..

ငါ့နှလုံးသားထဲမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ

နာမည်ပျက်စာရင်းမထည့်ခဲ့ပါဘူး..

လိုသမျှသာ အကုန်ယူသွားပါ..

ဒါပေမဲ့ ငါ့ကို အခွင့်အရေးတစ်ခုတော့ပေး..

ဒီလိုညတွေ.. ရှန်ပိန်မရှိရင်တော့

ငါ အိပ်မပျော်ဘူး..


ပညာရှိစကားတစ်ခု ကြားဖူးတယ်..

သီလတရားမှာ ချွန်းချက်မရှိဘူးတဲ့..

ဒါကြောင့် ငါ နေ့တိုင်း ငါးပါးသီလမခံဖြစ်..

ဒီလိုနဲ့..

လူတွေနဲ့ မတည့်ဘူး ဖြစ်ဖြစ်သွား..


ဒါပေမဲ့.. ချစ်သူရေ..

မင်းအတွက်ဆိုရင်ပေါ့..

သူများတွေ မမြင်ရတော့အောင်လို့

မာယာသော့တွေနဲ့ အထပ်ထပ်ခတ်ထားတဲ့

ငါ့ ရင်ခုန်သွေးတွေကိုလည်း

လျော့ဈေးပေးပြီးရောင်းရဲပါတယ်


မင်းတည်မဲ့ မြို့ကို ကူဖို့

လက်သမားပညာမတတ်ဘူး..

ပန်းရံပညာလည်း မတတ်ခဲ့ပါဘူး..

ဒီတော့ ချစ်သူရေ..

ငါ့ကို မင်းတည်မဲ့ မြို့အတွက်

မြေလွတ်မြေရိုင်းတစ်ခုတော့ ဖြစ်ခွင့်ပေးပါ..

မြေလွတ်မြေရိုင်းတစ်ခုတော့ ဖြစ်ခွင့်ပေးပါကွဲ့..


ငါလေ.. လူကျင့်လူကြံတွေ

သင်ခဲ့သေးရဲ့..

တတ်လည်းတတ်ခဲ့သေးရဲ့..

ဒါပေမဲ့ ဘာကြောင့်မှန်း မသိတော့ပါဘူးကွယ်..

ကျင့်လိုက်တိုင်း ကြံလိုက်တိုင်း..

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲရောက်ရောက်ပြီး

မေ့မေ့ကုန်တယ်..


အောင်မြင်မှုနဲ့ သစ္စာ

ဘာကိုရွေးရမလဲဆိုတာ ငါ့ကိုငါ ပြန်မေးစရာမလိုတော့..

ငါ့ဘဝက..

ပန်းတိုင်မရှိတဲ့ မာရသွန်ပြေးပွဲ..


ဒါပေမဲ့ပေါ့..

လာကြည့်လှည့် ချစ်သူ..

နင် ဖွင့်ခဲ့တဲ့ တံခါးလေးတစ်ချပ်

တစ်ချပ်တည်း..

အထီးကျန်နေတယ်....

4 comments:

Candy said...

အထီးကျန်နေတယ်တဲ့....

ကဗျာလေး ကောင်းတယ်။ အမြဲတော့ အထီးကျန်သလို မခံစားနေနဲ့နော်။
အထီးကျန်ခြင်းသည် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သည် :P

အင်ကြင်းသန့် said...

တံခါးလေးတစ်ချပ်တည်းမို့အထီးကျန်တယ်ထင်ရင်
နှစ်ချပ်ဖြစ်သွားအောင် တံခါးကို ပိတ်ပစ်လိုက်ပေါ့.....

TYZ said...

လာကြည့်လှည့် ချစ်သူ..

နင် ဖွင့်ခဲ့တဲ့ တံခါးလေးတစ်ချပ်

အထီးကျန်နေတယ်.. (အရမ်းကောင်းတယ်၊ ကြိုက်တယ်။ လွမ်းသွားတယ်)

သော်ဇင်စိုး said...

မသကြားလုံးရေ.. အထီးကျန်တာ ဆေးလိပ်သောက်တာမှ မဟုတ်တာကွယ်.. :D
မအင်ကြင်း.. ပြောအားရှိတယ်ပေါ့လေ.. တူတို့တ ပေါအားချိတာကိုး.. :P
မသံယောဇဉ်ရေ.. သတိတရ ရှိပါတယ် ခင်ဗျား.. အားပေးသွားတဲ့ အတွက် ကျေးဇူးပါ..

Post a Comment

GO UP