February 13, 2010

ချန်ရစ်ခဲ့တဲ့ နွေ

ကျုပ်အိပ်မက်က လန့်နိုးလာတာလား။ နိုးရာကလန့်ပြီး အိပ်ပျော်သွားတာလား။ အချိန်တခဏကို ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာ ရေရာတိကျ ကျုပ်မသိပေမဲ့ ပျော်ရွှင်မှု စေတသိတ်တရားတစ်ခုကတော့ ကျုပ်ရဲ့အတိတ်မှာ သိမ်သိမ်မွေ့မွေ့ အိပ်ပျော်ကျန်ရစ်ခဲ့ပါပြီ။

လမင်းကသဘောမတူရင် ဒီရေဆိုတာတက်ခွင့်မရှိပါဘူး။ ဒီနေ့ပူနေတဲ့နေကို ပိုမပူပါနဲ့လို့ ပြောလို့မရသလို အရင်နေ့တွေက ရွာခဲ့တဲ့မိုးတွေကိုလည်း မရွာပါနဲ့လို တားလို့မရခဲ့သလို 'သူမ' ဆိုတာ ကျုပ်အတွက် သဘာဝတရားတစ်ခုလိုပါပဲ။ အရာရာပြောင်းလဲနိုင်ခွင့်နဲ့ သဘာဝတရားအပေါ် အုပ်မိုးနိုင်ခွင့်ဆိုတာ ကျုပ်အတွက် 'သူမ' ဆီမှာပဲရှိခဲ့ပါတယ်။

အချစ်ဆိုတာဟာ အရမ်းနူးညံ့တဲ့ အရာတစ်ခုဖြစ်ပြီး အရမ်းနက်ရှိုးတဲ့ အဓိပ္ပာယ်တွေနဲ့ ပီပီပြင်ပြင် ရောယှက်နေတယ်တိုတာ ကျုပ်ပြောပြနေစရာ မလိုတော့ပါဘူး။ ဒါကြောင့် အချစ်ကို ပီပီပြင်ပြင် နားလည်ဖို့ဆိုတာ အရမ်းခက်ခဲပါလိမ့်မယ်။ နောက်ချစ်တတ်ဖို့ဆိုတာကလည်း အချစ်ကိုနားလည်ဖို့ထက် ပိုလို့ခက်ခဲမယ် ထင်ပါတယ်။ ဒီအရာတွေထက် အခက်ခဲဆုံးက အချစ်ခံရသူက ချစ်တတ်သူထက်အချစ်ကို ပိုသိနေဖို့ပါပဲ။ ဒီလို ရှူပ်ထွေးလှတဲ့အချစ်ကို နီးစပ်ခွင့်ရဖို့ ကြိုးစားခဲ့တဲ့ကျုပ်ဟာ ကျုပ်ကိုယ်တိုင်မဖြေနိုင်တဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုပြန်မေးရင်း ခုဆို ပူပူလောင်လောင်နဲ့ အသဲကွဲနေခဲ့ပါပြီ။

သူမ ကျုပ်ကိုပြောဖူးပါတယ် "ကျုပ်ဟာ သူမရဲ့အိုအေစစ်"တဲ့။ အချစ်ဆိုတာ အိုအေစစ်လား အလေ့ကျပေါက်တဲ့ သစ်တောလား ကမ်းရိုးတန်းသစ်တောလား ဒါမှမဟုတ် မုတ်သုံသစိတောလား နှစ်ပေါင်းများစွာစောင့်ရတဲ့ ရိုးမတောတောတွေလား။
သူမ ကျုပ်ကိုပြောဖူးပါတယ်။ "ကျုပ်ဟာ ရေနစ်နေတဲ့သူမအတွက် ကောက်ရိုးတစ်မျှင်" ပြီးတော့ "သူမအတွက် အတ္တမရှိတဲ့ လူသား" တဲ့။ အတ္တဆိုတာကို ဒီနေ့ထိ ကျုပ်ရေရေရာရာ နားမလည်သေးပါဘူး။ ဒါပေမဲ့ အချစ်ဆိုတာ သူတစ်ဦး တစ်ယောက်ဆီမှာ မှီတွယ်မှရမယ် ဆိုရင်တော့ သူမ အတ္တကိုပဲချစ်ရပါလိမ့်မယ်။ ဒါကြောင့်သူမ မှန်ပါတယ်။

အခုဆို သူမမှာချစ်သူရှိတယ်ဆိုတာ မနေ့ညကတည်းက ကျုပ်ကိုပြောခဲ့ပြီးပါပြီ။ ပြီးတော့ ဒီကောင်လေး တစ်ယောက်တည်းကိုပဲ ရေရေလည်လည် ကြွေတဲ့အကြောင်းလည်း ဖြည့်ပြောသွားပါသေးတယ်။ ဒါပေမဲ့ နောက်သူမဆက်ပြောတဲ့စကားလုံးတွေက ကျုပ်မယုံနိုင်စရာတွေပဲဖြစ် နေခဲ့ပါတယ်။ "အချစ်ဆိုတာ သူ့ဟာနဲ့သူဆိုရင် အရသာအရမ်းရှိတဲ့ ပန်းသီးတစ်လုံးပေါ့ ဒါပေမဲ့ ဘ၀ဆိုတဲ့ ရေခဲသတ္တာထဲ ထည့်လိုက်တော့ ခါးသက်သွားတတ်တယ်ဟ ငါတော့ ကံမကောင်းစွာပဲ စောစောစီးစီး ခံစားနေရပြီ ဘ၀တစ်ခုလုံးကို အရောင်ပြောင်းစေနိုင်တဲ့ ပန်းသီးတစ်လုံးရဲ့ အဆိပ်သင့်မှုမျိုးပေါ့ဟာ"။ ဒါဆို သူမ မပျော်ခဲ့ဘူးလား သူမလိုချင်တဲ့ပျော်ရွှင်မှုမျိုး သူမပိုင်တဲ့အချစ်ဆီမှာ မရှိတာလား။ ကျုပ်နားလည်မိခဲ့တဲ့ ချစ်ခြင်းဆီမှာက ငြိမ်းချမ်းမှုတွေ၊ သတ္တိတွေ၊ မျှော်လင့်ခြင်တွေ ။ ကျုပ်သိတဲ့ချစ်ခြင်းဆီမှာ အခက်အခဲလို့ ဖော်ပြရမဲ့ အခက်အခဲနဲ့ အတားအဆီးလို့ ဖော်ပြရမဲ့ အတားအဆီးဆိုတာမရှိဘူး။ အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီဒုက္ခဘုံကြီးထဲက စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရှာသွားရမှာ။ ဘယ်လိုဘောင်တွေမှ တန့်မထားဘူး။ ကျွမ်းကျင်တဲ့ ပါရမီရှင် ဂီတသမားတစ်ယောက်လိုပဲ သူ့အတွက် စည်းတွေဝါးတွေ စည်းမျဉ်းစည်းကမ်းတွေမလိုဘူး။

ကျုပ်များမှားနေခဲ့တာလား။ ဒီ့ထက်ပိုပြီး နောက်ဆုံး သူမက ကျုပ်အား ရူးစေနိုင်လောက်တဲ့ စကားလေးတစ်ခွန်း ချန်ခဲ့ပါတယ်။"နင်ငါ့ကို ပျော်ရွှင်မှုနဲ့ အတူတူနေစေချင်ရင် နင်လည်းငါ့နဲ့အတူ လိုက်နေပေးရမယ် ဘယ်လိုလဲ Promise နော်" ။ ကျုပ်ရဲ့ချစ်ခြင်းကို ငြင်းပယ်လိုက်တဲ့ သူမအတွက် ကျုပ်ကဘာများလုပ်ပေးနိုင်မှာလဲ။ သူမချစ်သူရဲ့ချစ်ခြင်းဆီမှာ သွားရှာဖို့ မေ့များမေ့နေတာလား။ ဒါမှမဟုတ် သူမမှာ အချစ်နှစ်ခု ရှိတာလား။ ဒါမှမဟုတ် သူမရဲ့နှလုံးသားက ကျုပ်ဆီမှာ သူမရဲ့ချစ်ခြင်းက သူမချစ်သူဆီမှာလား။ နောက် ဒါမှမဟုတ်ရင် သူမ လောဘကြီးတာလား။ ကျုပ်တို့မျက်စိရှေ့က လောကကြီးထဲမှာဆိုရင် တောက်ပမှုတစ်ခု ပေါ်လာရင် မှေးမိန်မှုဆိုတာ ပျောက်ကွယ်သွားတတ်တာ ဓမ္မတာပါပဲ။ ချစ်ခြင်းဆိုတဲ့ သံယောဇဉ်တရားအတွက် နှလုံးသားဝေးလွန်းလှတဲ့ သူမအမြဲတမ်းပြောခဲ့ဖူးတဲ့ သူငယ်ချင်းသံယောဇဉ် တရားဟာ မှေးမှိန်သွားမှာလား ပြတ်တောက်သွားမှာလား ပျောက်ကွယ်ကုန်ဆုံးကုန်မှာလား။ ချစ်တတ်တဲ့သူမက ကျုပ်ထက်အများကြီး ပိုသိပါလိမ့်မယ်။ မသိရင်တော့ သူမ မချစ်တတ်တာပါပဲ။

မနေ့ညဟာ သူမကျုပ်အားရွေးချယ် ပေးခဲ့တဲ့ Nightmare (ခြောက်အိပ်မက်, သရဲအိပ်မက်) တစ်ခုနှင့်အတူ သူမနဲ့ ကျုပ်အကြား အမှောင်ပါးပါးလေးတစ်ခု ခြားသွားပါပြီ။ အချိန်တွေကြာလာတာနဲ့အမျှ ဒီအမှောင်ပါးလေးဟာ အမှောင်ထုကြီး ဖြစ်လာပါလိမ့်မယ်။ အဲဒီရဲ့အလယ်မှာ ချောက်ကမ်းပါး တစ်ခုပေါ်လာပါလိမ့်မယ်။ နောက် သူမရဲ့အရာရာနဲ့ ကျုပ်ရဲ့အရာရာ ခြားနားသွားပါလိမ့်မယ်။ ဒီညက ကျုပ်သူမရဲ့ သူရဲပုံရိပ်ကို မေ့ပျောက်ဖို့အတွက် Vodka ကိုအကူအညီ တောင်းချင်ပါသေးတယ်။ ဒါပေမဲ့ ကျုပ်မလုပ်ဖြစ်ပါဘူး။ အသဲကွဲခဲ့တဲ့ ခံစားမှုလေး လျော့သွားမှာ စိုးလို့ပါ။ ကျုပ်ဘယ်ဘက်ရင်ဘတ် တစ်ခုလုံးအောင့်လာမယ်။ စူးစူးနစ်နစ်ခံစားရမယ်။ သွေးတွေဆုတ်လာမယ်။ ရုတ်တရက် ထရီချင်ကောင်း ရီချင်လိမ့်မယ်။ နောက်အရေးကြီးတဲ့ "နင့်အတွက် ငါရှိတယ်" ဆိုတဲ့စကားလေးပါ အားလုံးရောပြီး ကွယ်ပျောက်ကုန်မှ စိုးလို့ပါ။

ရုရှားကလူတွေဟာ အချစ်မဲ့တဲ့အချိန်တွေကို သူတို့ရဲ့မှောင်မိုက်လွန်းတဲ့ သူတို့ရဲ့ ဆောင်းရက်ရှည်ကြီးနဲ့ ခိုင်းနှိုင်း တတ်ကြပါတယ်။ ကျုပ်အတွက်ကော သေချာတာကတော့ စာတစ်ကြောင်းတည်းနဲ့ ဖော်ပြလို့ မရသလို စာလုံးချည်းတွေနဲ့လည်း ဖော်ပြလို့မဖြစ်ပါဘူး။ သက်ပြင်းသံတွေပါမယ် ငိုရှိုက်သံတွေပါမယ် ဒါမှလည်း
ဖြစ်ခဲ့တဲ့ အကြောင်းအရင်းအတိုင်း မြင်နိုင်လိမ့်မယ်ထင်တယ်။

ကျုပ်အရင့်အရင်က မုန်တိုင်းထဲ အိပ်မက်တွေကွဲရှကုန်တဲ့ အချိန်တိုင်း, ဘ၀မှာ အနုတ်လက္ခဏာတွေပြတဲ့ အချိန်တ်ုင်း ကျုပ်နှလုံးသားကို အားပေးတဲ့ စကားလုံးလေးတစ်ခုရှိပါတယ်။"သူမသာ ကျုပ်နံဘေးမှာဆိုရင်" ဆိုတဲ့အတွေးလေးပါ။ ခုမရှိတော့ပါဘူး။ သူမအကြောင်း တွေးရင်းအိပ်မဲ့ညတွေထဲက သူမအကြောင်းမက်မဲ့ အိပ်မက်တွေထဲမှာ သူမဟာ ကျုပ်အတွက် (သူမစကားအရ) နတ်သမီး မဟုတ်တော့ပါဘူး။ အလယ်ခေတ်က ကြွင်းကျန်ရစ်ခဲ့တဲ့ မကောင်းဆိုးဝါး သွေးစုပ်မဲ့ဝိဥာဏ် တစ်ကောင်အဖြစ် ပြောင်းလဲသွားပါပြီ။ သူမကို မမေ့နိုင်တဲ့ ကာလပတ်လုံး ကျုပ်ဟာ ကျုပ်မက်မဲ့ အိပ်မက်တွေထဲမှာ သွေးစုပ် အညှင်းဆဲခံရပါတော့မယ်။ သူမနဲ့ စိတ်တူတယ်ဆိုတဲ့ အသိလေးဟာ ကျုပ်ကို အကာလညတွေထဲ လန့်မနိုးအောင် ချော့သိပ်စေခဲ့တယ်ဆိုရင် ခုဆို ကျုပ်ဟာ အကာလညထဲ မျက်လုံးကြောင်နေတဲ့ကောင်ပေါ့။ 'Spring' ဆိုတဲ့ ဝေါဟာရလေးဟာ ကျုပ်အရမ်းကြိုက်တဲ့ ဝေါဟာရလေးပါ။ 'နွေဦး'တဲ့ 'နှင်းခဲပျော်ချိန်' ဆိုတဲ့ 'Thaw' ဆိုတဲ့ ဝေါဟာရလေးနဲ့ပေါင်းပြီး ကျုပ်က 'ချစ်သူတွေ ပြန်ဆုံချိန်' လို့နားလည်ထားခဲ့မိတယ်။ အဝေးမှာ အလုပ်လုပ်နေရတဲ့ ကျုပ်အတွက်ဆိုရင် အိမ်ပြန်ချိန်ပေါ့။ အခု ကျုပ် အိမ်ပြန်ချိန်ရောက်လို့ သူနဲ့တွေ့ရင်ကော လက်ခုတ်တီးရမှာလား။ ပြုံးပြရမှာလား။ အားပေးရမှာလား။ ငိုရှိုက်လိုက်ရမှာလား။ ကျုပ်ဘာလုပ်ရမလဲ။ ကျုပ်ပြောတာမလွန်ပါဘူး။ ကျုပ်ပြုလုပ်ရမဲ့ အကျိုးတရားတစ်ခုစီတိုင်းရဲ့ မရှိမဖြစ် အကြောင်းတရားတစ်ခုဟာ သူမပါပဲ။ အခုဆို ကျုပ်ရဲ့ ရည်မှန်းချက်တွေ ရုပ်ကျိုးပျက်လဲပြီပေါ့။ အောင်မြင်လာရင်တောင်မှ အနှစ်သာရ မဲ့ပြီပေါ့။ အပြစ်တင်တဲ့ ရည်ရွယ်ချက်တစ်ခုလို မကျဉ်းမြောင်းပါဘူး။ ဒါပေမဲ့ ကျုပ်နားမလည်ဆုံး အရာတစ်ခုက "ရှိရှိသမျှ လောကထဲမှာ ကျုပ်ဟာ သူမရဲ့အယုံကြည်ရဆုံးသူ ဆိုရင် ဘာကြောင့် ကျုပ်ရင်ထဲက ပန်းတစ်ပွင့်ကို သူချွေရက်သလဲ" ဆိုတာပါပဲ။

"အချစ်ဆိုတာ ချစ်သူ့မျက်နှာပေါ်က အပြုံး" လို့ ကျုပ်ခံယူထားပါတယ်။ ဒါကြောင့်လဲ "နင်ချစ်သူနဲ့နင် လျှောက်မဲ့လမ်းမှာ ငါခြေတစ်လှမ်း လျှောက်ခွင့်ရရင် လျှောက်ပေးလိုက်ချင်တယ်"လို့ ကျုပ်ပြောမိခဲ့ပါတယ်။ ဒီစကားဟာ အီရန်ရဲ့ညူကရီးယား ကိစ္စကို အမေရိကန်ကူညီမယ် ဆိုတဲ့ ယုတ္တိမတန်တဲ့ စကားလိုဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ သူမကို ချစ်မိတဲ့ကျုပ်ဟာ 'သူမရဲ့စိတ်' ပါပဲ။ သူမရှိုက်ကြီးတငင် ရှိတဲ့အချိန်မှာ ကျုပ်သူမဘေး ရှိနေသင့်သလို (သူမချစ်သူနဲ့) သူမ ပျော်တော့မဲ့ အချိန်မှာ ကျုပ်အလိုက်တသိ ရှောင်ထွက်သွားရမှာ ပါပဲ။ ဘယ်အချိန်မဆို ကျုပ်ကိုယုံကြည်တယ်ဆိုတဲ့ သူမအတွက် ၀တ်ကျေတန်းကျေ တမ်းတလိုက်ရုံနဲ့ ကျုပ်ရဲ့အချစ်တစ်ခု သစ္စာတစ်ခု သူမရှေ့ရှိနေရပါ လိမ့်မယ်။ ကျုပ်ရဲ့ ဆရာ့ဆရာကြီး ဗုဒ္ဓဟာ ဥပက္ခာတရားကို မြေကြီးနဲ့ခိုင်းနှိုင်းခဲ့ပါတယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ မနာလိုခြင်းကင်းပြီး ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ သီးခံခြင်း စတဲ့ သူတော်ကောင်းတရားတွေနဲ့ ပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာကို ဆိုလိုဟန်ရှိပါတယ်။ မြေကြီးဖြစ်မှတော့ ကျုပ်အကွဲ အအက်ခံနိုင်ရပါလိမ့်မယ်။ ပြီးတော့ အက်သံတစ်ခု ပျောက်ဖို့လည်း ကျုပ်ကြိုးစားရပါဦးမယ်။
............................................................

(၁၄)ရက်နေ့အတွက် အမှတ်တရ

8 comments:

~ဏီလင်းညို~ said...

ကိုသော်ဇင်စိုးရေ...
(ဟုတ်လားမသိဘူးနော်...ကျွန်တော်က စကားပြောရင် နာမည်လေးခေါ်ပြောရတာ အားရတတ်လို့ပါဗျာ....း))
စကားလုံးတွေနဲ့ ရုန်းထွက်နေတဲ့ ခံစားချက် အက်ဆေးလေးကို ရင်ဘတ်နဲ့ ခံစားဖတ်သွားတယ်ဗျာ....။
အက်သံတစ်ခုပျောက်ဖို့ ကြိုးစားရတာ အချိန်သိပ်ကိုတာရှည်လွန်းသလို အရမ်းခဲယဉ်းတယ်ဆိုတာတော့ ကျွန်တော့်အတွက်လက်တွေ့သင်ခန်းစာတစ်ခုပါဗျာ....။
ခင်မင်တတ်တဲ့
ဏီလင်းညို

သဒ္ဓါလှိုင်း said...

ခံစားမှုအက်ဆေးကို ခံစားချက်တွေနဲ့ဖတ်သွားပါတယ်နော်...။ တာဝန်ကျေချင်တဲ့ ကိုသော်ဇင်စိုးရေ.. တာဝန်တွေ ကျေခွင့်ရပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်..။ အခုလို သတိတရ ရှိတာကိုပဲ ကျေနပ် ၀မ်းမြောက်မိပါတယ်။
ခင်တဲ့
သဒ္ဓါ

SHWE ZIN U said...

အက်သံ တခုပျောက်အောင် အကွဲလေး ကို ဖာရမယ်နော် ပွဲညက် တဲ့ ကောင်းတယ်

စတာပါဗျာ

ခင်တဲ့
ရွှေစင်

TYZ said...

ကိုသော်ဇင်စိုးရေ ကျွန်မလည်း ကိုဏီလင်းညိုလိုပဲပေါ့ နာမည်ခေါ်ပြီးပြောရမှ အားပါလို့လေ။ ခံစားချက်ကနေ ပွင့်အန်လာတဲ့ စာသားတွေက စာဖတ်သူအတွက် တစ်ကယ်ကို ထိထိမိမိ ခံစားရပါတယ်။ ချစ်သူအပြုံးကိုသာ မြင်ခွင့်ရရင် အရာရာဖြည့်ဆည်းပေးချင်တဲ့ သူတွေထဲမှ TYZ လည်းပါတယ်လေ.. နားလည် ခံစားပေးသွားပါတယ်။ အက်သံမြန်မြန် ပျောက်ပါစေလို့ ဆုမွန်ခြွေပေးပါတယ်ရှင်။

သုံည said...

ကိုသော်ဇင်ရေ... အက်ဆေးလေးကို ခံစားသွားတယ်ဗျာ။ ခံစားချက်ကမိလို့ ထင် တယ် ရင်ထဲမှာတော့ထိတယ်ဗျာ။

Yu Shwe said...

ကဗျာဘွဲ့ မှူး သီချင်းလေးလိုပေါ့ .. ( တစ်ယောက်ကို ... ကိုကိုလို့ ခေါ်မယ် ..တစ်ယောက် .... ) ဟိဟိ ။
မိန်းကလေးတွေကအဲ့လိုပဲနော် ... ရည်းစားကတစ်ယောက် ။ အားကိုးဖို့ ကတစ်ယောက် .... ။ :D

အင်ကြင်းသန့် said...

ကိုသော်ဇင်စိုးရေ...တကယ်ပဲလားဟင်...အခုတလော ဘလော့ဂ်လည်လိုက်ရင်လည်း ကွဲသံ အက်သံတွေပဲကြားနေရတယ် :(
ဘာပဲပြောပြော ကိုသော်ဇင်စိုးရဲ့ အက်သံမြန်မြန်ပျောက်ပါစေလို့ ဆုတောင်းပေးပါတယ်နော်....

ခင်မင်စွာ
အင်ကြင်း

ကိုရီး{ကိုကြီး} said...

ညီရေ

ဖတ်ပြီးသွားတော့ ရင်ထဲ မြည့်တေ့တေ့လေးကွာ
ဘာတဲ့ "လမင်းကသဘောမတူရင် ဒီရေဆိုတာတက်ခွင့်မရှိပါဘူး".... တဲ့လားဗျာ....
အချစ်ကြောင့် ငြိမ်းချမ်းပါစေဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

Post a Comment

GO UP