March 10, 2010

သတင်းအပိုင်းအစများ

Pinang မြို့ Harbour Trade Center ဒုတိယထပ်တွင် CD များခိုးကူးနေသော တရုတ်အားဖြင့် ၄ ယောက် ဗမာ အားဖြင့် ၄ ယောက်ရှိကြောင်း သတင်များအရ Pinang ရဲအကြီးအကဲ တစ်ယောက်မှ ထိုသူများ၏ အလစ်အငိုက်တွင် ၀ုန်းခနဲ ၀င်ရောက်ဖမ်းဆီးရာ တရုတ် ၄ ယောက်နှင့် ဗမာ ၃ ယောက် အဖမ်းခံလိုက်ရကြောင်း သို့ကြောင့် ကံကောင်းထောက်မစွာ ကျန်ရစ်ခဲ့သူဗမာ တစ်ယောက်မှာ သစ္စာဖောက်မိသလိုလို ရဲဖော်ရဲဖက်မပီသ သလိုလိုဖြင့် နေ့နေ့ညည မစားနိုင်မအိပ်နိုင် ခံစားနေရရာ နောက်ဆုံးတွင် ရဲစခန်း၌ မိမိကိုယ်တိုင်ဖြောင့်ချက်ပေးပြီး အဖမ်းခံရာ ရဲများမှ အချုပ်ထဲတွင် သင့်အတွက် ထမင်းအပိုမရှိကြောင်းနှင့် ယခုခံစားနေရသော ခံစားမှုသည်သာ သင်လိုလူစားမျိုးဖြင့် ထိုက်တန်ကြောင်း ရှင်းပြပြီး အဖမ်းခံမှုအား ရဲများမှ ညှင်းပယ်လိုက်ကြောင်း ထိုသူ၏ ပြောပြချက်အရ သိရှိရသည်။

Pinang မြို့ Bayarn Lepas တွင်ဆိုင်ဖွင့်ပြီး BE များဖြန့်ဝေနေသော ဘွန်ရှီးမိုက်ထင်း (ဘ- ဘွန်းစေးကျော်ကြီး) ဆိုသူသည် မိုက်ကြေးခွဲခြင်း၊ အကြမ်းဖက်ပိုက်ဆံများတောင်းရမ်းခြင်း၊ အတင်းအကြပ်ပိုက်ဆံချေးခြင်း၊ အလုပ်မှအကြိမ်ပေါင်းများစွာ ထွက်ပြေးမှုများပြုလုပ်နေရာ မသီးခံနိုင်တော့သော သားဖြင့်သူ ပွေလိမ်ရှုပ်ညီနောင်မှ အဖေအဖြစ်မှ အမွေပြတ်စွတ်လွတ်လိုက်ကြောင်း သိရှိရသည်။ သို့ရာတွင် ထိုကိစ္စအ၀၀အား အစအဆုံးမြင်ခဲ့ရသည်ဆိုသော ပညာရှင်တစ်ယောက်ကမူ မည်သို့ပင်ဖြစ်စေကာမူ ဘွန်ရှီးနှင့် ပွေလိမ်ရှုပ်မှာ ကုလားကြီးနှင့် အရာကြီးပင်ဖြစ်ကြောင်း သို့ကြောင့် နောင်ကာလများတွင် သူတို့သည် တစ်လမ်းတည်းသွား တစ်ခရီးတည်းလျှောက်ကြမည်ဟု နိမိတ်ဖတ်လိုက်ကြောင်း ဝေလေလေ သတင်းရပ်ကွက်တစ်ခုမှ သိရှိရသည်။

Pinang မက်ကလန်နေ ကြုံရာကျဘန်း အလုပ်လုပ်နေသော ယောင်ချာချာသော်ဇင်စိုး ဆိုသူအား အရက်အလွန်အကျွံသောက်သုံးကြောင်း သတင်းများအရ ထိုသူမိသားစု၏ အဓိပတိကျန်းမာရေး စောင့်ရှောက်ရေး ကော်မရှင်မှ နောင်နောက် အရက်သောက်သုံးခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် တချက်လွှတ်အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။ သူ့ကို သတင်းအရ ကျွန်တော်တို့ စောင့်ကြည့်နေတာ ကြာပါပြီကြောင်း ခုတစ်လောမှာမှ ညကအရက်ကို နေ့မှဖြေ နေ့ကအရက်ကို နေ့လည်မှာဖြေ နေ့လည်မှအရက်ကို ညမှာဖြေ ထိုညမှအရက်ကို နောက်တစ်နေ့မနက်တွင်ထပ်ဖြေ စသည့် မဖွယ်မရာ ဖြစ်စဉ်များအား ဆက်တိုက်ပြုလုပ်လာ၍ ထိုသို့ အမိန့်ချလိုက်ရခြင်းဖြစ်ကြောင်း ထိုကော်မတီ၏ ပြောရဲဆိုခွင့်ရှိသူတစ်ယောက်မှ ပြောကြားသွားခဲ့ပါသည်။ သို့သော် ထိုအမိန့်ချခံရသူမှ အထီးကျန်နေသော အမိမြေနှင့်ဝေးကွာနေသော ဘ၀တွင်အရက်မသောက်နေထိုင်ပါက ရူးသွပ်သွားနိုင်ကြောင်း အမိမြေနှင့်ဝေးရာမှ ဒုက္ခသစ္စာအား အမိမြေမှသူများ မည်သို့မျှနားမလည်နိုင်ကြောင်း သူမအကြောင်းတွေးတွေးမိတိုင်းလည်း အရက်ခွက်ကို ပြေးပြေးမြင်မိကြောင်း စသည့်ချေပချက်များဖြင့် သူ၏မိသားစုဆိုင်ရာ အထက်လွှတ်တော်အထိ လျှောက်လဲရန် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။ သို့ရာတွင် ဥပဒေရေးရာ ကျွမ်းကျင်သူ တစ်ဦးကမူ ထိုသူအနေဖြင့် ထိုသို့ အယူခံဝင်ပါက ထိုတချက်လွှတ်အမိန့်အပြင် ထောင်ဒဏ်၊ ကြိမ်ဒဏ်၊ ပြည်နှင်ဒဏ် စသည်ဖြင့် တစ်ခုချင်းဖြစ်စေ သုံးခုစလုံးဖြစ်စေ ကံမကောင်းပါက လေးခုစလုံးပူးပေါင်း ကျခံရနိုင်သည်ဟု ပြောကြားသွားကြောင်း ပြည်ထောင်စုမလေးရှားဝန်ကြီးချုပ်နိုင်ငံ ထိပ်တန်းအရက်သမားများ အစုအဖွဲ့ (100A) မှ သတင်းရရှိသည်။
TZS သတင်းစဉ်
ထိုသို့သော ပေါက်ကရ သတင်းစဉ်များ ရေးသားရခြင်းမှာ လောကကြီးအားစိတ်ပျက်နေ၍ ဖြစ်ကြောင်း မဆီမဆိုင် နောက်ဆက်တွဲအဖြင့် TZS သတင်းစဉ်၌ ဖော်ပြပါရှိသည်။

8 comments:

အင်ကြင်းသန့် said...

သြော်...ကိုသော်ဇင်စိုးဆိုတဲ့ လူတစ်ယောက် ပိုစ့်အသစ်တွေ မရေးနိုင်ပဲ အကြာကြီး ပျောက်နေတာ အရက်တွေ သောက်နေလို့ကိုး... သတင်းထူးတွေ အတွက်ကျေးဇူး :)))

ခင်မင်လေးစားစွာ
အင်ကြင်း

si_thu_win said...
This comment has been removed by the author.
သုံည said...

ကိုသော်ဇင်။ သတင်းထူးတွေဖတ်သွားပါတယ်ဗျို့ 

~ဏီလင်းညို~ said...

သော်ဇင်ရေ......
လာခဲ့....
အစ်ကိုတို့ မလက်ကာကိုလာခဲ့.....
ညီတစ်ယောက်ထဲမသောက်နဲ့....ပျင်းစရာကြီး.....
အစ်ကိုနဲ့ အတူတူသောက်ကြမယ်လေ....။ မကောင်းဘူးလားညီလေး...
စာအကြောင်းတွေ ပြောရင်းနဲ့လေ....။ ဟား...ဟား...
ခင်မင်တဲ့
ဏီလင်းညို

ပိုးဟပ်လေး said...

ဘယ်ရမလဲ ဒီကလည်း မလေးကို မရောက်ရောက်အောင် လာပြီး
သုံးယောက်သား ဘယ်သူမှမသိအောင် ခွက်ပုန်းချမပေါ့

Kyaw Nyo Thway said...

ကိုယ်လည်းလာ ပေါသွားတယ်း)

Candy said...

ဒါကြောင့်... metronidazole နဲ့ အရက်အကြောင်း ဖတ်သွားတာကိုး.... ဟီးဟီး... ^_^

သဒ္ဓါလှိုင်း said...

ကော်မရှင်ကလူကြီးကို တိုင်ပြောအုံးမယ်..။
သတိထားနေပေရော့..............။

Post a Comment

GO UP