June 9, 2010

မမေ့နိုင်တဲ့ ကမ္ဘာ့ဖလားတစ်ခု

ကျနော်အားပေးတဲ့အသင်းက အားလုံးသိတဲ့အတိုင်း အင်္ဂလန်ပဲဖြစ်ပါတယ်.. အင်္ဂလန်အသင်းကိုအားပေးတဲ့ ကျနော်ဟာပထမဆုံးအကြိမ် ဘော်ပွဲလောင်းဖူးတာလည်း အင်္ဂလန်အသင်းကန်တဲ့ပွဲပါပဲ.. ခုထိ သေသေချာချာ မှတ်မိနေပါသေးတယ်.. ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အင်္ဂလန် ရုန်းကန်နေရတဲ့အချိန်၊ ပထမဆုံးပွဲဦးထွက် ဂျာမနီနဲ့ပွဲ အင်္ဂလန်မြေမှာ ဟာမန်းရဲ့ကလိန်ကကျစ်ဂိုးနဲ့ ရှုံးသွားတဲ့ အင်္ဂလန်ဟာ ဂျာမနီမှာ ခြေစစ်ပွဲ နောက်တစ်ကျော့ ပြန်တွေ့တဲ့ပွဲပါ.. အဲဒီအချိန်မှာ အင်္ဂလန်အသင်း နည်းနည်း ခြေမှန်ပြန်ရနေတာတောင် ဂျာမနီက သရေရှုံးပေးပါတယ်.. ကန်မဲ့အချိန်က ည(၁၁)နာရီခွဲ အိမ်ကမလွှတ်တဲ့ကြားက ခိုးထွက်ပြီး အားလုံးက အင်္ဂလန်သရေရတာတောင် ကံကောင်းလို့ဆိုနေပေမဲ့ အိမ်က ခဲရာခဲဆစ် သုတ်လာရတဲ့ ၁၀၀၀ ကို အင်္ဂလန်မှာအောလိုက်ပါတယ် :D ဘယ်ပြောကောင်းမလဲ ပွဲစတာငါးမိနစ်ပဲရှိသေးတယ် ဂျာမနီက ကျက်သရေမရှိတဲ့ဂတုံး ဂျန်ကာက ပထမဂိုးသွင်းသွားရော။ တင်းလိုက်တာဗျာ ဘယ်ပြောကောင်းမလဲ ဘော်ပွဲကြည့်တဲ့ရုံထဲမှာ ရှိရှိသမျှလူတွေအားလုံး ဂျာမနီကထိုင်တဲ့သူတွေချည်းပဲလို့တောင်ထင်ရတယ် အော်လိုက်ကြတဲ့လူတွေ :( ဒါပေမဲ့ ဂျာမနီသိပ်ကြာကြာမနီလိုက်ရပါဘူး ဂယ်ရီနဗီးတင်ပေးတဲ့ ဘောကို အိုဝင် ပထမချေပဂိုးသွင်းလိုက်ပါတယ် :) ဂျာမနီ မျက်လုံးနည်းနည်းဖြူလာပါတယ် :) နောက် လေးဆယ်ငါးမီနစ်တိတိမှာ ကျနော့်အချစ်တော် ဂျာရတ်က အိုလီဗာခန်းပစ်တဲ့ဘက်ကိုပဲ ပါနယ်တီဧရိယာအပြင်ကနေ ကန်သွင်း :D လှလိုက်တဲ့ဂိုးဗျာ ကျနော်ကြည့်ဖူးသမျှဂိုးတွေထဲမှာ ဒီဂိုးထက်လှတဲ့ဂိုးမရှိတော့ဘူးလို့တောင်ထင်ရတယ် :) နောက်ထပ်ဂိုးတွေတော့ ပြောလို့တောင်မကောင်းတော့ပါဘူး အိုဝင် ဟတ်ထရစ်ယူပြီး ဟတ်စကီးကလည်း ဂျာမနီအတွက် လက်ဆောင် အပိတ်ဂိုးလေးပါ သွင်းပေးလိုက်တယ်ဆိုတော့ ဂျာမနီအသင်းကသူတွေများဗျာ ခင်ဗျားကိုမြင်စေချင်တယ် :) ချွေးလေးတွေ ရွှဲပြီး ကြွက်စုတ် တကယ့်ကြွက်စုတ်မှ ကြွက်စုတ် :D အိုလီဗာခန်းဆိုရင် သူကအဲဒီအချိန်က ပြီးခဲ့တဲ့ ချန်ပီယံလိပ်မှာ ဗလင်စီယာရဲ့ ပါနယ်တီတွေကို ကာကွယ်ခဲ့တယ်မှတ်လား ရှက်နေမှာပေါ့ ခစ်.. ခစ်.. ဒါတင်ဘယ်ကမလဲ အက်ဖင်ဖတ်၊ မာမက်ရှိုး၊ ဘောလက်ဆိုတဲ့ကောင်တွေကလည်း 'အာ' ကခတ်ကျယ်ကျယ်ရယ် ညစ်လည်းညစ်သေး ပြီးတော့ အနိုင်လည်းမရဘူးဆိုတော့ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်များတောင် ပေါက်နေမလားမသိဘူး.. အဲဒီနေ့ကပျော်လိုက်တာဗျာ မနက်လည်းလင်းရော နိုင်တဲ့ပိုက်ဆံနဲ့ သူငယ်ချင်းတွေခေါ်ပြီး ထန်းရည်တောင်သွားသောက်ပစ်လိုက်သေးတယ်..



အဲဒီနှစ်(၂၀၀၂)က ကမ္ဘာ့ဖလားစတော့ ကျနော်ကနည်းနည်းတော့ဆရာကျနေပါပြီ ကော့သောင်းမှာ ဘော်ပွဲဒိုင်တောင်လုပ်နေပါပြီ (၁၀) တန်းစာမေးပွဲလည်း ဖြေပြီးတဲ့အချိန်ဆိုတော့ စာမေးပွဲပြီးရင်အပြတ်ကဲမယ်လို့ တေးထားတဲ့ကျနော့်မှာ ဘာဆိုဘာမှာ အနှောင်အဖွဲ့တွေမရှိပဲ လွတ်လပ်ရေးကိုရလို့ ပထမဆုံးပြင်သစ်ပွဲက ပြင်သစ်ကိုအမြင်ကတ်ကတ်တဲ့ ဆီနီဂေါဘက် ထိုင်လိုက်တာမှန်သွားတယ်.. :) နောက်တော့ ဘရာဇီးက တူရကီကိုနိုင်၊ ဂျာမနီက ဆော်ဒီကိုနိုင် ဒီလိုနဲ့ အာဂျင်တီးနားနဲ့ အင်္ဂလန်ပွဲကိုရောက်လာရော အဲဒီပွဲကလည်း သူတို့နိုင်ငံတွေအချင်းချင်းအရင်ကစစ်တွေ ဘာတွေဖြစ်ဖူး၊ မာရာဒိုနာကလည်း ဘုရားပေးတဲ့လက်နဲ့ ကမ္ဘာဖလားကနေ အင်္ဂလန်ကို ပုတ်ထုတ်ဖူးတယ်ဆိုတော့ အညိုးတွေက သူတို့အင်္ဂလန်အသင်းသားတွေ ရင်ထဲမှာတင်မဟုတ်ဘူး ကျနော့်ရင်ထဲမှာကိုပြည့်လို့ ဒါကြောင့်ရှိရှိသမျှကိုတောင်အောလိုက်တာ ဘယ်ပြောကောင်းမလဲ လေးဆယ်ငါးမီနစ်ပြည့်ခါနီး အိုဝင်ကို ပိုချက်တီနို ရီးတီးယားတားလုပ်လို့ ပါနယ်တီပေးရော ဒီဘောကို ဘက်ခမ်က ကန်သွင်းတဲ့ဂိုး ကောင်းလိုက်တဲ့ဂိုးဗျာ ပါနယ်တီကို ဆိုက်ထည့်ပြီးကန်သွင်းတာ ဒီတစ်ခါပဲမြင်ဖူးသေးတယ် :) အဲဒီအချိန်မတိုင်ခင်က အာဂျင်တီနားပထမဂိုးသမားနာသွားလို့လည်း အင်္ဂလန်အတွက် ကံကောင်းတယ်လို့ဆိုရမှာပါ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နိုင်သွားတဲ့ အင်္ဂလန်အတွက်ကော ရှိတာတွေအားလုံးအောထားတဲ့ ကျနော့်အတွက်ကော ဒီဂိုးက အရမ်းအဓိပ္ပာယ်ရှိလွန်းလှပါတယ်



နောက်တော့ အင်္ဂလန်က ဒိန်းမတ်ကို ၃-၀ နဲ့နိုင်ပြီး ကွာတားတက်သွားပေမဲ့ ဒုတိယအဆင့်ကပွဲတစ်ပွဲက ကျနော့်ရင်ကိုလာထိုးပါတယ် :( တခြားပွဲမဟုတ်ပါဘူး ဂျင်စင်းစားထားတယ်ဆိုတဲ့ ကိုးရီးယားပါ :( ကိုရီးယားနဲ့ အီတလီဗျာ အဖြေက ပွဲမတိုင်ခင်ကတည်းက အသိသာကြီးပါ ကျနော့်အကိုတစ်ယောက်ကလည်းပြောတယ် ဒီပွဲကန်တဲ့ အချိန်မှာ ကိုးရီးယားက ပုတိ ဆိုပဲ ကောင်းပြီပေါ့ အီတလီက ဆော်ထည့်လိုက်တာ ၀က်ဝက်ကိုကွဲရော ကိုးရီးယား သကောင့်သားတွေက ပွဲပြီးခါနီးလေ ပိုမြန်လာလေ ပွဲပြီးခါနီးလေ ပိုမြန်လာလေနဲ့ ဖင်မှာ ဂျက်အင်ဂျင်များ တတ်ထားသလား အောင့်မေ့ရတယ် တော့တီလေးကလည်း ကလိမ်ဒိုင်ကြောင့် နှစ်ဝါတစ်နီနဲ့ထွက်သွားရတယ်ဆိုတော့ ပိုဆိုးရောပေါ့.. ဒီလိုနဲ့ အဲဒီပွဲမှာ ကျနော့်ရဲ့ စည်းစိမ်တစ်ဝက်လောက် ပြောင်သွားပါရောလား.. ပွဲအပြီးမှာ ခုဏက ကိုးရီးယားဟာ ပုတိပါလို့ပြောတဲ့ ကျနော့်အကိုတစ်ယာက်ရဲ့စကားက အရမ်းမှတ်သားဖွယ်ရာကောင်းပါတယ်.. 'ပုတိသဘောမကျော်ဇော ကျော်ဇောတော့လည်း ဘယ်သူမှမမှီတော့ဘူး'တဲ့ ကျနော့်မှာ တင်းလိုက်တာဗျာ..
ကွာတားဖိုင်နယ်ရောက်လာပါပြီ ပွဲကြီးပွဲကောင်းတွေချည်းပါဘဲ ရင်ခုန်စရာပွဲကတော့ အားလုံးမျှော်လင့်ထားကြတဲ့ အင်္ဂလန်နဲ့ ဘရာဇီးပွဲပါပဲ ကြေးကသရေတစ်ဝက်ရှုံးပါ ဒါပေမဲ့ အင်္ဂလန်ပရိသတ် ကျနော့်အတွက်တော့ အင်္ဂလန်က လေးလုံးရှုံးဆိုရင်လည်း အင်္ဂလန်မှ အင်္ဂလန်ပါပဲ.. အားလုံးထင်တဲ့အတိုင်းပဲ အားလုံးကိုအောလိုက်ပါတယ်.. ပွဲစတာနဲ့ဗျာ အင်္ဂလန်ကတောင်စီးနေသေးတယ် ဘက်ခမ်ကတော့ ကမ္ဘာဖလားမတိုင်ခင်က အာဂျင်တီးနားကောင်တစ်ကောင်ရဲ့ကောင်းမှုကြောင့် ဒဏ်ရာရထားလို့ တစ်ရှောင်ရှောင်နဲ့ဆော့နေပါတယ်.. အဲဒီမှာပဲ ဘရားဇီးက လူစီယိုဆိုတဲ့ ချစ်စရာကောင်လေးက အမှားလည်းလုပ်ရော အိုဝင်တို့ကလည်း ဒီလိုဘောမျိုးကိုပဲစောင့်နေတာဆိုတော့.. ဂိုးပေါ့.. တန်းနေတာပဲ မားကို့တို့ ဘောလုံးကိုသေချာကြည့်ပြီး ဖမ်းဖို့မပြောနဲ့ အသက်ရှုမဲ့ အချိန်တောင်မရလိုက်ဘူးထင်တာပဲ.. မှတ်မိသေးတယ် အိမ်ကိုတောင် တစ်ပတ်ပြေး 'ဂိုး' လို့အော်ပြီးအောင်ပွဲခံလိုက်သေးတယ် :D ဒါပေမဲ့ ဒဏ်ရာရမှာသေမလောက်ကြောက်နေတဲ့ ဘက်ခမ်ရှောင်ဆော့လိုက်လို့ ဘောလုံးက ရိုနယ်ဒင်ဟိုဆီကိုရောက် အဲဒီသွားခေါလေးကလည်း ကွင်းလည်းကြောကိုဖြတ်ပြီး ပြေးသွားတာက မြန်မှမြန် ပါနယ်တီဧရိယာထိပ်ရောက်တော့ ရိုဗာတိုဆီကိုထိုးပေး ဘယ်ခြေကြီးနဲ့ဗျာ ကန်သွင်းတာ ကျနော့်မှာ ခေါင်းကြီး ၁၀ မီနစ်လောက်ဖော်လို့မနိုင်တော့ဘူး အင်္ဂလန်ရဲ့ ပွဲပြီးခါးနီးဂိုးရတတ်တဲ့ အစဉ်အလာလေးကိုလည်း သိပ်မတွေးရဲသလို အဲရစ်ဆင်ကြီးကိုလည်း ဘဘဘုရားများစောင့်ရှောက်ပြီး မှန်မှန်ကန်ကန် နည်းစနစ်တွေပြောင်းနိုင်ပါစေ လို့ဆုတောင်းလိုက်ရတာဗျာ.. ကျနော့်ဘ၀မှာ ဒိတစ်ကြိမ်ပဲ ဘုရားကို လိုလိုလားလားတမိတာ ရှိခဲ့ပါတယ်.. ဒါပေမဲ့ ကျနော် ဆုတောင်းမပြည့်ခဲ့ပါဘူး ရိုမယ်ဒင်ဟိုဆိုတဲ့ ရုပ်ဆိုးဆိုး သွားခေါက နောက်တစ်ဂိုးကို ဖရီးကစ်ကနေ ကြက်ကန်းဆန်းအိုးတိုး ကန်သွင်းလိုက်ပါတယ် :( နောက်ဆုံးမီနစ်ထိ ရင်ခုန်သံမြန်မြန်နဲ့ စောင့်ကြည့်ခဲ့ပါသေးတယ်.. ဒါပေမဲ့ လူတစ်ယောက် အထုတ်ခံထားရတဲ့ ဘရာဇီးဆိုတဲ့ အသင်းဟာ တိုက်စစ်အရှင်နဲ့ ခံစစ်ကစားပြသွားပါတယ်.. သွားပါပြီ ကျနော် မျှော်လင့်ချက်တွေအားလုံး ပျောက်ကုန်ပါပြီ အင်္ဂလန်သာမရှိရင် ကျနော် ကမ္ဘာဖလားဆက်ကြည့်နိုင်မဲ့ အားလည်းရှိတော့မှာမဟုတ်ပါဘူး.. နောက်လေးနှစ်ကိုလည်း ကျနော်မစောင့်ချင်ပါဘူး.. ဘောလုံးပွဲ အပြီးမှာ ကျနော့်မှာရှိတဲ့ ဖုန်းးရောင်းပြီး အကြွေးဆပ်လိုက်ရသလို တစ်လစာ ကော်မရှင်တွေလည်း အားလုံးကုန်သွားပါတယ်..


နောက်တော့ ကျနော့်ကို ဒုက္ခပေးတဲ့ ကိုးရီးယားကို ကျနော်မုန်းတဲ့ ဂျာမနီအသင်းက ကျနော် ရိုက်သတ်ချင်သလောက်မုန်းတဲ့ ဘောလက်ရဲ့ တစ်ဂိုးတည်းသော ဂိုးနဲ့ရှင်းပစ်လိုက်ပါတယ် သူ့စရိတ်နဲ့သူတို့ ငြိမ်းသွားပါတယ်.. နောက်ဆုံးဖိုင်နယ်မှာ အားလုံးသိတဲ့ အတိုင်း ခြေစစ်ပွဲအောင်ဖို့အတင်းရုန်းကန်ခဲ့ရတဲ့ ဘရာဇီးဟာ R3R တွေဘာတွေ ပြောပြီး ဖလားယူသွားပါတယ်..
ကမ္ဘာ့ဖလားဟာကျနော်တို့ကို ပျော်ရွှင်စရာ၊ ၀မ်းနည်းစရာ၊ လွမ်းမောစရာစတဲ့ ရသပေါင်းစုံပေးတယ် လို့မြင်မိပါတယ်.. ကိုယ်အားပေးတဲ့အသင်း အနိုင်ရသွားတာကိုမြင်တွေ့ရတဲ့ အရသာဟာ ဘာလို ဖော်ပြရမှန်းမသိအောင် ပျော်စရာကောင်းလှပါတယ်.. ကွင်းထဲမှာ သူတို့ တစ်ဖက်အသင်းကို ခက်ခက်ခဲခဲ ထိုးဖောက်ပုံတွေ၊ ဂိုးဝင်သွားပုံတွေ၊ အောင်ပွဲခံပုံတွေကိုကြည့်ရင်း တစ်ခါတစ်လေ ယောင်္ကျားတန်မဲ့ မျက်ရည်တောင်ဝဲမိပါတယ်.. မျှော်လင့်တာတွေ ဖြစ်မလာရင်လည်း တစ်ကယ်ပဲ ပူးဆွေးဝမ်းနည်းစရာကောင်းလှပါတယ်.. ဒီနှစ်တော့ အင်္ဂလန်ဘယ်လိုလာမလဲလို့ သူရဲ့ပရိသတ်ပီပီစောင့်မျှော်နေမိပါတယ်.. ဒါပေမဲ့ အရင်ကလိုတော့ ရူးမိုက်တဲ့ အားပေးမှုမျိုးတော့ ဖြစ်တော့မယ်မထင်ပါဘူး.. အရှုံးကို လက်ခံပြီး အနိုင်အတွက် ရှုံးနိမ့်သွားတဲ့ တစ်ဘက်သားအတွက် ထပ်တူခံစားပေးနိုင်တဲ့ ခံစားမှုမျိုးဖြစ်ဖို့များပါတယ်.. ကျနော့်ရဲ့အင်္ဂလန် ဆီးမီးရောက်ခဲ့ရင်ပဲဖြစ်ဖြစ်၊ ကွာတားကနေပဲ ပြုတ်ပြုတ်ကျနော်ကတော့ အားပေးနေရမှာပါပဲ.. ဖြုတ်လိုက်တဲ့ အသင်းကိုတော့ အရင်ကလိုပဲ မျက်မုန်းကျိုးနေမိမလား မပြောတတ်ပါဘူး.. ဘာပဲပြောပြောအင်္ဂလန်သာ ကံကောင်းထောက်မစွာ ဖလားရခဲ့မယ်ဆိုရင် ကျနော် တကယ်ပဲပျော်ရွှင်မိပါလိမ့်မယ်..

7 comments:

blackroze said...

ရင်ဘတ်ထဲကခံစားချက်အပြည့်နဲ့လာဖတ်သွားပါတယ်...
ဟုတ်ပရှင်..ဘောလုံးပွဲကြည့်နေရတဲ့အချိန်ဟာ...
ကျမအတွက်တော့စစ်မြေပြင်မှာတိုက်ပွဲဝင်နေရသလိုပါဘဲ
တဘက်နဲ့တဘက်အပြန်အလှန်ထိုးဖောက်ရင်းနဲ့ကိုယ်အားပေးတဲ့
အသင်းကကောင်တာပေါက်ပြီးဘောလုံးရလာပြီဆို...
ရင်တွေခုန်လိုက်တာလေ
အဲဒီအချိန်မှာဝင်ဖျက်တဲ့နောက်တန်းသမားတော့သေဖို့သာပြင်ပေတော့
ပါးစပ်သေနတ်ပစ်ပလိုက်တာလေ...
အဲ....သူများအသင်းဘက်ကပေါက်လာရင်လဲ....ရှေ့ကဘောလုံး
ရလာတဲ့သူတော့နာမယ်ဘဲ...ပါးစပ်အမြှောက်ထုပလိုက်တာလေ...
ပင်နယ်တီကန်ပြီဆိုရင်လဲ...ခုချိန်ထိရဲရဲဝံဝံမကြည့်ရဲသေးပါဘူး
ကိုယ်ကြိုက်တဲ့အသင်းနိုင်ရင်ခုန်ပေါက်လို့
dance တောင်ကလိုက်သေးတာTV ရှေ့မှာ...
အဲ...ရှုံးလို့ကတော့..မျက်ရည်ပေါက်ပေါက်ကျအောင်ငိုမိတာပါ..
ခုဆိုကျမဘောလုံးပွဲတွေအချိန်ပေးပြီးမကြည့်နိုင်တာနှစ်တော်တော်ကြာ
နေပါပြီ...ဒါပေမဲ့ခံစားချက်တွေကတော့အရင်ကအတိုင်းပါဘဲ
ကျမကတော့အီတလီမှ...အီတလီပါဘဲ...
ဟိုး................အရင်ဘက်ဂီယိုတို့လက်ထက်ကထဲကနေ
အခု...လက်ရှိကနေ....နောင်နှစ်ပေါင်းများစွာထိအောင်
ကျမအီတလီ..ပရိတ်သတ်ပါ...ဘောလုံးသမားတွေပြောင်းသွားကြပေမဲ့
ကျမဘယ်တော့မှအသင်းမပြောင်းပါဘူး...
ဘောလုံးဝါသနာပါတဲ့သူချင်းအတူတူမို့
အသင်းတိုင်းအောင်မြင်မှု့ရပါစေလို့...

အင်ကြင်းသန့် said...

အမလေး တကယ့်ဘောလုံးဝါသနာအိုးပါလား။ ဒီပိုစ့်ကို ဘောလုံးပွဲတစ်ပွဲကြည့်နေရသလို ခံစားချက်မျိုးနဲ့ကို ဖတ်သွားပါတယ်။ရေးတတ်လိုက်တာ လွန်ရော။ အစ်မကတော့ အီတလီရဲ့ အမာခံပရိတ်သတ်ပဲ သော်ဇင်ရေ.....ဘောလုံးပွဲကြည့်တာ သူတို့မိသားစု ဆွေမျိုးတွေတော့ ဘယ်လိုနေမယ် မသိဘူး....အားပေးရတဲ့သူတွေမှာတော့ နှလုံးရောဂါရခမန်းလုလုပဲ။ ကိုယ်အားပေးတဲ့ အသင်းရှုံးရင် ခံစားရတဲ့ ခံစားချက်က ဘာနဲ့နှိုင်းပြရမှန်းတောင် မသိဘူး။ မျက်ရည်တွေဘာတွေကို ကျမိတာ :D

သဒ္ဓါလှိုင်း said...

ကဲကဲ... နိုင်စေချင်တဲ့အသင်း နိုင်ပါစေ..........သော်ဇင်ရေ...
အမက ပေါ်တူဂီ..............

ခင်တဲ့
မသဒ္ဓါ

သဒ္ဓါလှိုင်း said...

(ဘောလုံးပွဲ.........)အခြေအနေဘယ်လိုလဲဟေ့......
သိပ်မကောင်းဘူးနော်....

ခင်တဲ့
မသဒ္ဓါ

သဒ္ဓါလှိုင်း said...

ဟေ့..ဟေ့.. ဒို့အသင်းက ၇ ဂိုးကြီးများတောင်နော်..သတိထားနော်..
ဆက်ကြည့်အုံးမယ်...
ခင်တဲ့
မသဒ္ဓါ

သဒ္ဓါလှိုင်း said...

အင်္ဂလန်အတွက်စိတ်မကောင်းဘူးသော်ဇင်...။ အားကစားဆိုတာ
အနိုင်အရှုံးကအရေးမကြီးပါဘူး.. ယှဉ်ပြိုင်ခြင်းသာ အဓိကပါ...။
အဓိကကအရည်အသွေးမနိမ့်သွားဖို့ပဲမဟုတ်လား..။

ခင်တဲ့
မသဒ္ဓါ

သဒ္ဓါလှိုင်း said...

အော်.. သော်ဇင်ရေ..
အမပေါ်တူဂီလည်းရှုံးသွားပါရောလား......။စိတ်မကောင်းဘူးလေ.။
မောင်လေးပြောသလိုခုထိရောက်လာတာကိုပဲဂုဏ်ယူရတော့မှာပေါ့..။
ခင်တဲ့
မသဒ္ဓါ

Post a Comment

GO UP