July 4, 2010

ဆောင်း အရိပ်ခိုချင်တဲ့ နွေ

၂၀၀၂ ဒီဇင်ဘာမှာ ကျနော့်ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀က်ု စတင်ခဲ့ပါတယ်.. ကျောင်းကတော့ ၀တ္ထုတွေထဲမှာ မိန်းမလှကျွန်းလို့ နာမည်ကြီးတဲ့ စီးပွားရေးတက္ကသိုလ်ပါ.. နယ်ကနေ ကျောင်းလာတက်တဲ့သူဆိုတော့ ရွာသာကြီးရဲ့ ပူလွန်းလှတဲ့ နေရောင်တွေအောက်မှာ စည်းလွတ်ဝါးလွတ် လှချင်တိုင်းလှနေတဲ့ ပန်းကလေးတွေကို ငေးလိုက်.. တစ်ခါမှမမြင်ဖူးခဲ့တဲ့ ကြီးမားတဲ့ကျောင်းတော်ကြီးကို ငေးလိုက်နဲ့ ကျနော်မှာအံ့သြမှင်သက်မှုတွေနဲ့ ပြည့်နေပါတော့တယ်.. ဒီလိုကျောင်းတော်ကြီးမှာ စာသင်ရတော့မယ်ဆိုတဲ့ အသိဟာ ကျနော့်ကို ရင်ခုန်စေပြီး မိဘရဲ့ အထိန်းအကွတ်ရဲ့ အောက်မှာလည်းမရှိတဲ့ နေရာမို့ လွတ်လပ်ချင်တိုင်း လွတ်လပ်လို့ရပြီဆိုတဲ့ အသိက ကျနော့်ကို ပိုပျော်စေပါတယ်.. ဒါပေမဲ့ ရွာသာကြီးရဲ့ အစပိုင်းရက်တွေဟာ ကျနော့်ကို အခါခတ်သိမ်း အဆင်ပြေချောမွေ့နေစေတာမျိုးတော့ မဟုတ်ပါဘူး.. တုံး တဲ့အပြင် အ လည်း အ တဲ့ တောသားကျနော်ဟာ လိုင်းကားကို ဒိုင်နာမှစီးချင်လို့ ကားပေါ်က အမှတ်(၂) လမ်းမကြီးပေါ် အရှက်တကွဲ ပြုတ်ကျခဲ့ဖူးသလို အပို့ကောင်းသော နွားများကြောင့်လည်း မိန်းကလေးအိမ်သာထဲ နှစ်ခါဝင်ခဲ့ဖူးပါတယ်.. နောက်ကနေ ဘယ်ညာဘယ်ညာ လိုက်နှောက်တတ်တဲ့ ကောင်မလေးတွေ၊ ပယ်ရီတီကယ်အချိန်မှီအောင် လမ်းမြန်မြန်လျှောက်တဲ့ ကျနော့်ကို ရုပ်တည်ကြီးနဲ့ "အကိုက မီတာတစ်ရာ အပြေးပြိုင်ပွဲဝင်မလို့လား"လို့ အတိုင်အဖောက်ညီညီနဲ့ ၀ိုင်းဟားတဲ့ ကောင်မလေးတွေကို တစ်နေ့လုံးရှောင်ပြေးနေရပါတယ်.. အတန်းစလို့ (၁၀) ရက်လောက်အပြီး ဂန္ဘီသာရပျို့ကို သင်အပြီးမှာတော့ ကျနော်ဟာ ကောင်မလေးဆိုရင် စေ့စေ့တောင် ကြည့်လို့မရဲတော့ပါဘူး..

ကျောင်းကပေးတဲ့ ကျန်စစ်သားအဆောင်ကို စရောက်တော့ ကျနော် နည်းနည်းလူရည်လည်နေပါပြီ.. ဗမာစကားတော့ သိပ်မပီသေးပါ.. ထမင်းတစ်ခါစားရဖို့ အရေး ထမင်းဆိုင်မှာ လေး ငါး ခါလောက်မှယူရပါတယ်.. အားလုံးသိကြတဲ့အတိုင်း ယောင်္ကျားလေးအဆောင်ဆိုတော့ စာလုပ်နေတဲ့သူဆိုလို့ ယောင်မှားပြီးတစ်ယောက်မှကိုမရှိပါဘူး.. (ကျောင်ဖွင့်စမို့လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်..) ဖဲရိုက်တဲ့သူ၊ အရက်သောက်တဲ့သူ၊ ဂီတာတီးတဲ့သူ၊ ၀တ္ထု ဖတ်တဲ့သူ တွေကိုပဲတွေ့ရပါတယ်.. ကျနော်သတိထားမိတာက သူတို့အားလုံးဟာ ညနေစောင်းပြီဆိုတာနဲ့ သွယ်သွယ် သွယ်သွယ်နဲ့ အဆောင်က ထွက်ခွာသွားကြပြီး တစ်ချို့ မနက်သုံးနာရီ၊ တစ်ချို့မနက်လေးနာရီ၊ တစ်ချို့မနက် မိုးစင်စင်လင်းမှ ပြန်လာကြတာကိုပါပဲ.. ဒါနဲ့ ကျနော် ကိုယ့်ထက်ဦးအောင်ရောက်နေတဲ့ အကိုတစ်ယောက်ကို "အကိုတို့ ဘယ်သွားကြတာလဲဗျာ" လို့ တီးခေါက်ကြည့်တော့မှ သူက ကျနော့်ကို သြော်သနားစရာကောင်းလှလေခြင်းဆိုတဲ့ အကြည့်နဲ့ကြည့်ပြီး "ဟာ... ညီလေးမသိဘူးလား.. ဒီဇင်ဘာအဆာင်ကိုလေ.." သူဆက်ရှင်းပြတော့မှ ဒီဇင်ဘာအဆောင်ဆိုတာ ကျောင်းက မိန်းကလေးတွေ အဆောင်မှန်းသိရပါတော့တယ်.. ပထမတော့ မိန်းမဆိုတဲ့ အသံကြားတာနဲ့ နည်းနည်းလန့်သွားပါတယ်.. ဒုတိယ ကျနော် အဆောင်မှာနေရတာပျင်းနေပါတယ်.. တတိယ သူ့နဲ့အတူလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..

ခုတော့ကျနော်ဟာ တစ်ယောက်တည်းမဟုတ်တော့ပါဘူး.. ကျနော်အပါအ၀င်ဆို (၇) ယောက်ရှိတဲ့ အဖွဲ့လေးနဲ့ဖြစ်နေပါပြီ.. ဂန္ဘီသာရပျို့ကိုလည်း မေ့သွားပါပြီ..္ဘ္ဘ္ဘဆွဲငင်အားဆိုတာကိုလည်း နယူတန်ထက်ပို နားလည်နေပါပြီ.. ညနေရောက်ပြီဆိုရင် သူငယ်ချင်းတွေ ရှက်ကိုးရှက်ကန်း အကြည့်လေးတွေနဲ့ ကြည့်တတ်နေကြပါပြီ.. ဒီနေ့မှ သူတို့ကောင်မလေးအဆောင်ကို မသွားရရင် လဲသေတော့မလိုလို တစ်ညလုံးအိပ်မရပဲ တစ်စုံတစ်ယောက်ကို သတိရသလိုလို ရင်ထဲ ခုန်ဆွခုန်ဆွ ဖြစ်နေတဲ့ ညတွေကိုလည်း ဖြတ်သန်းဖူးကြပါပြီ.. သူတို့ သုတ်ကျွေးတဲ့ လက်ဖက်ကိုစား သူတို့ဖျော်တိုက်တဲ့ ကော်ဖီကိုသောက်ရင်း ကျနော်တိုပက ထိသလို မထိသလို သူတို့ကလည်း သိသလိုမသိသလို... ဒီလိုနဲ့ မေ့လို့မရနိုင်တော့မဲ့ သံယောဇဉ်တွေစပါတော့တယ်..

ကျနော်တို့ အဖွဲဟာ ၀ါသနာတူတဲ့သူတွေချည်း စုဖွဲ့ထားတဲ့အဖွဲ့ပါပဲ.. အိမ်ကလွဲလိုက်တဲ့ ပိုက်ဆံကို သုံးရက်လောက်နဲ့ အပြောင်သုံးရာမှာ တူသလို ရှိရှိသမျှပိုက်ဆံတွေကို ရှမ်းတွေ၊ ပိုကာတွေ၊ ကင်တင်းတွေမှာ ဖြုံးလို့ကုန်ပြီဆိုရင် အဆောင်ကထမင်းဆိုင်မှာ မျက်နှာထူကြီးတတ်ပြီး ထမင်းအကြွေးစားရာမှလည်း တူညီကြပါသေးတယ်.. ဒါပေမဲ့ မျက်နှာထူကြီးဟာ ကြာလာရင်ပူလာတတ်တာမျိုးမို့လို့ အမြဲတမ်းတော့ မတတ်နိုင်ကြပါဘူး.. ဒီတော့ ဒီဇင်ဘာဆီပဲ ဦးလှည့်ကြပါတယ်.. သူတို့အဆောင်ကိုရောက်ပြီဆိုတာနဲ့ နင်တို့ (၂) ယောက်က ဟိုအခန်းသွား.. ငါတို့ (၂) ယောက်က ဒီအခန်းသွားမယ်ဆိုတာမျိုးပါ.. နောက်သူတို့ထမင်းစားချိန်ကို အခန်းထဲကိုဝင်လိုက် အခန်းထဲကထွက်လိုက် ဟိုနားရစ်သီရစ်သီလုပ်လိုက် ဒီနားရစ်သီရစ်သီ လုပ်လိုက်နဲ့ စောင့်ပါတယ်.. :D သူတိုထမင်းစားလို့ ခေါ်ရင် ရုပ်တည်လေးတွေနဲ့ မူလိုက်ပါသေးတယ်.. ဒုတိယတစ်ခါခေါ်တော့မှ အားနာပြီး.... :D မနက်ကတည်းက မစားရသေးတဲ့တာဆိုတော့ နှစ်ပန်းကန်လောက်ကတော့ အသာလေးပါပဲ.. ဒါပေမဲ့ သူတို့မရိပ်မိအောင် ဒီနည်းကို လူလှည့်ပြီးကျင့်သုံးရပေမဲ့ သုံးရက်မြောက်လောက်ရောက်ရင်တော့ နောက်တစ်နည်းကိုပြောင်းသုံးကြပါတယ်.. နောက်တစ်နည်းကတော့ ဂီတာတီးတဲ့နည်းပါ..

ဒီနေ့မှာတော့ ကျနော်တို့တစ်ဖွဲ့ဟာ ဂီတာနှစ်လုံးထမ်းပြီး သူတို့အဆောင်ကို ညနေငါးနာရီလောက်ကတည်းက စရောက်နေကြပါပြီ.. ဗိုက်ထဲက ဂလိဂလိ မြည်နေပေမဲ့ ငါးနာရီဆိုတဲ့ အချိန်က ဂီတာတီးလို့မရသေးပါဘူး.. ဆာဆာနဲ့ ဟိုကြောင်ဒီကြောင်လုပ်ရင်း ကိုးနာရီလောက်ဆိုရင်တော့ ကျနော်တို့လုပ်ငန်းစကြပါပြီ.. "ဒီဇင်ဘာအဆောင်သူရေ...... တံခါးဖွင့်လို့နားစွင့်ပါဦး..... နှလုံးသားလေးသော့ခတ်လို့ထားတယ်....... " စသဖြင့် စသဖြင့် "ငယ်သေးတဲ့အချစ်မို့ မလေးစားတာလားပြောပါ ........................... မ မှမချစ်ရင်ဘ၀ပျက်သွားနိုင်တယ်...(ဟုတ်တယ်)...." စသဖြင့် စသဖြင့် အဲလက် ဘ၀ပျက်မပျက်ကို ကျနော်တို့စိတ်မ၀င်စားပါဘူး.. ကျနော်တို့စိတ်ဝင်စားတာက နှင်းငွေ့တွေကျနေတဲ့ ကာရန်ကာလေးနောက်က မီးလေးတွေ မှိတ်ထားတဲ့ အခန်းလေးတွေထဲက အရိပ်ကလေးတွေကိုပါ.. သိပ်မကြာလိုက်ပါဘူး.. လက်ကလေးတွေပြလိုက်ပြီဆိုရင်.. အဖွဲ့ထဲကတစ်ကောင် တစ်ခုခုသွားယူလို့ရပါပြီ.. သူတို့မိန်းကလေးတွေမှာလည်း သူတို့အဆောင်ရှေ့ ဂီတာလာတီးရင် ဂုဏ်တက်ဆိုတယ်ဆိုတဲ့ အယူအဆမျိုးရှိလား မသိပါဘူး.. ငါးဆင့်ဂျိုင့်နဲ့ထည့်ထားတဲ့ ကြာဇံ၊ နှစ်ဆင့်ဂျိုင့် နဲ့ထည့်ထားတဲ့ လက်ဖက်၊ တစ်ဆင့်ဓာတ်ဘူးနဲ့ထည့်ထားတဲ့ ကော်ဖီ.. စသဖြင့်အစားတွေနဲ့ ဆွယ်တယ်ဆိုတော့ ကျနော်တို့မှာ (၄) ယောက်ရှေ့ကတီး နောက်က (၃) ယောက်ကဆွဲ၊ (၃) ယောက်တီး နောက်မှာ (၄) ယောက်ကဆွဲနဲ့ ဘိုင်ပြတ်နေတဲ့ တစ်ညတာကို အပေးအယူနဲ့ အဓိပ္ပာယ်ရှိရှိ ဖြတ်ကျော်ခဲ့ပါတယ်.. :P တိုက်တစ်ခုမှာ (၁၂) ခန်းရှိပြီး တိုက် (၁၁) ခုရှိတယ်ဆိုတော့ ဆောင်းနှင်းတွေကြား ချမ်းရမှန်းမသိ မိုးရွာခဲ့ရင်လည်း အရိပ်ထဲ မိုးခိုရမှန်းမသိနဲ့ ကျနော်တို့အတွက် သူတို့နဲ့ ရင်ခုန်သံလေးတွေမျှရင်း တစ်ပတ်စာတော့ အေးအေးချမ်းချမ်း ဖူလုံသွားပါတယ်..

တစ်ပတ်ကျော်လာပြီဆိုရင်တော့ သူတို့ရဲ့ခါတိုင်း ကြာဇံနေရာမှာ ဇီးထုပ်မျိုး၊ ကော်ဖီနေရာမှာ ရေနွေးကြမ်းမျိုး အစားထိုးလာရင်တော့ ကိုယ့်ဟာကိုယ် အလိုက်တသိနဲ့ ဖားရိုက်တဲ့ နောက်တစ်နည်းကိုပြောင်းကြပါတယ်.. ကျနော်တို့နေတဲ့ ရွာသာကြီးမှာက လယ်ကွင်းတွေက ပေါမှပေါဆိုတော့ ညမှောင်မှောင် မတိတ်သေးတဲ့ မိုးလေးဖွဲဖွဲထဲမှာ ကျနော်တို့တစ်ဖွဲ့ ဓာတ်မီးနှစ်လုံးနဲ့ ဖားရှာပုံတော်ဖွင့်ကြပါတယ်.. ကျနော်က ဖားရိုက်မတတ်ပေမဲ့ အပေါင်းအဖော် သကောင့်သားတွေက တကယ့် ပရို တွေပါ.. မကောင်းတဲ့ အကျင့်တွေကို ခဏလေးနဲ့ သင်ရင်တတ်တဲ့ကျနော် ခဏလေးထဲမှာပဲ ဖားဖမ်းဆရာကြီးဖြစ်သွားပါတော့တယ်.. သူတို့နည်းက လွယ်လွယ်လေးပါ.. ဓာတ်မီးနဲ့ ထိုးလိုက်လို့ တုတ်တုတ်မှမလှိုပ်ပဲ ငြိမ်နေတဲ့ဖားကို လက်နဲ့ဖမ်းပြီး တမံတလင်းနဲ့ မိတ်ဆက်ပေးလိုက်ရုံပါပဲ.. ဖား ဘာအသံမှတောင်မထွက်နိုင်ပါဘူး.. ဒီလိုနည်းနဲ့ ကျနော်တို့ အဆောင်ဝန်းကျင်က ဖားတွေထဲမှ တစ်နေ့ အကောင်တစ်ရာကျော်ကို တစ်ပါတ်လောက် တိရစ္ဆာန်ဆိုတဲ့ ဘ၀ဆိုးကြီးက လွတ်မြောက်စေခဲ့ပါတယ်.. :D

ကျနော်တို့ဟာ.. ဒီလိုနဲ့ပဲတော့ ကျောင်းသားဘ၀ကို ဖြတ်ကျော်ခဲ့တာမဟုတ်ပါဘူး.. နှစ်ဝက်စာမေးပွဲရောက်လာမှ စာအသဲအသန်လုပ်တဲ့ ကျောင်းသားတွေထဲမှာ ကျနော်တို့လည်းပါပါတယ်.. ပထမနှစ်မှာ ခုနှစ်ဘာသာရှိတယ်ဆိုတော့ ကျနော်တို့ (၇) ယောက်ဟာ တစ်ယောက်တစ်ဘာသာစီ တာဝန်ခွဲယူကြပြီး ဘာသာတစ်ခုမှာ ကျွမ်းကျင်အောင်လေ့လာထားတဲ့ တစ်ယောက်က ကျန်တဲ့ (၆) ယောက်ကို စာရှင်းပြရပါတယ်.. အန္တရာယ်ကြီးမားတယ်လို့ထင်ရပေမဲ့ ပထမနှစ်ဝက်ကို ဒီလိုနည်းနဲ့ ဖြတ်ကျော်ခဲ့ပြီးပြီဆိုတော့ ကျနော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိနေကြပါတယ်.. စာကျက်ရပျင်းတဲ့ ကျနော်တာဝန်ယူတာက အတွက်အချက်များတဲ့ Statics နဲ့ Eco အတွက်အချက်ပိုင်းပါ.. အားလုံးပဲတကယ်ပဲကြိုးစားခဲ့ကြပါတယ်.. စာမေးပွဲနီးလို့ အဆောင်မှာ မီးခဏခဏ ပျက်နေပေမဲ့ ကျနော်တို့ဟာ ဖရောင်းတိုင်လေးတွေထွန်းပြီး စာလုပ်ကြပါတယ်.. ညစောစောအိပ်တဲ့သူကို မနက်အိပ်ရာအထမှာ မျက်နှာထမသစ်နိုင်အောင် တကိုယ်လုံးကြိုးချီထားသလိုမျိုး၊ စာမလုပ်တဲ့သူကို ထမင်းမကျွေးသလိုမျိုး စတဲ့ဆုပေးဒဏ်ပေး စနစ်တွကျင့်သုံးပြီး.. စာလုပ်ခဲ့ပါတယ်.. ဒီလိုနဲ့ စာမေးပွဲကြီးလည်းပြီးသွားခဲ့ပါတယ်..

ကျနော်စာမေးပွဲကျတော့ ကျနော့်သူငယ်ချင်းသုံးယောက်က ငိုပါတယ်.. ကျနော်ကတော့ ကျောင်းဆက်မတက်တော့ဘူး အလုပ်လုပ်မယ်ဆိုတဲ့အကြောင်းပြောပါတယ်.. ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် စာမေးပွဲကျဖူးတာလည်းဖြစ်တော့ စိတ်ထဲမှာ ငါတစ်ခုခုနဲ့များငြိခဲ့သလားလို့လည်း ကိုယ့်ကိုယ်ကိုပြန်လိမ်ချင်နေခဲ့ပါတယ်.. ဒါပေမဲ့ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အချိန်ဆိုတာ နောက်ပြန်ဆွဲလို့ရတဲ့အရာ မဟုတ်ပါဘူး.. နောက်နေ့မှာ သူငယ်ချင်းတွေနဲ့ ဒီဇင်ဘာအဆောင်သွားတော့ မနေ့ကအထိ ကျနော်နဲ့ပတ်သက်ခဲ့သေးတဲ့ အဆောင်တွေက ကျနော့်ကို စိမ်းစိမ်းကားကား..... ကြိုပါတယ်.. သူငယ်ချင်းတွေက ဖုန်းဆက်ပါလို့ပြောပေမဲ့ ကျနော်သူတို့ ဖုန်းနံပါတ်ကို မှတ်နိုင်စွမ်းမရှိခဲ့ပါဘူး.. ဆပ်စရာအကြွေးတွေဆပ်၊ သတိရစရာ အမှတ်တရတွေကို မေ့ဖို့အားခဲရင်း ကိုယ်ရှေ့ကိုရောက်လာတဲ့ ပါရမီကားပေါ်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ တက်လိုက်ပါတယ်.. ကားပေါ်ရောက်တော့ မနေ့ညက အရက်မူးပြီး မိန်းထဲက ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ "အမိတက္ကသိုလ်ကြီးရေ.... နောက်ဘ၀မှ ဆုံမယ်" လို့အော်ခဲ့တာကို ပြန်စဉ်းစားမိတော့ ရင်ထဲမှာ တစ်စုံတစ်ခုကို သတိရချင်သေးသလိုလို လွမ်းနေချင်သလိုလို... သိစိတ်က သတိမထားမိပါရဲ့နဲ့လည်း... တစ်စုံတစ်ခုကို ကြိမ်ဆဲချင်သလိုလို နားကျည်းချင်သလိုလို..... နားထဲမှဆူနေတဲ့ကားစက်သံက "နေခဲ့တော့ဒီဇင်ဘာ....... ငါမလာတော့ဘူး"လို့ ကျနော့်ကို လှောင်နေသလိုလို..... ဒီလိုနဲ့ကျနော် အားလုံးကို လောဘကင်းကင်းနဲ့ ချန်ထားရစ်နိုင်ခဲ့ပါတယ်....

ခုတော့ သူငယ်ချင်း နာမည်တွေလည်းမေ့သွားပါပြီ.. ရန်ကုန်မှာ ဆက်နေဖြစ်သေးပေမဲ့ ရွာသာကြီးကို စိတ်နဲ့တောင် မသွားဖြစ်တော့ပါဘူး.. အလုပ်တွေကိုသာ ဖိလုပ်နေခဲ့မိပါတယ်.. ဒီဇင်ဘာကုန်လို့ ပျော်ခဲ့တဲ့ညတွေကို တစ်ခါတစ်လေ အိပ်မက်ထဲဝင်လာတတ်တာကလွဲလို့ ကျနော်ဘာကိုမှမခံစားရတော့ပါဘူး.. ညတိုင်းတီးနေကျ ဂီတာပေါ် နှင်းတွေစိုတာ တစ်ခါတစ်လေတွေ့တော့မှ ဒီဇင်ဘာရောက်ပြီလို့ သတိထားမိပါတော့တယ်.. ရာသီစက်ဝိုင်းမှာ နွေပြီးရင် မိုး.. မိုးပြီးရင် ဆောင်း.. ဆောင်းပြီးရင် နွေပြန်ရောက်လာတတ်ပေမဲ့ နွေကိုယ်တိုင်ကတော့ ဘယ်တော့မှ ဆောင်းမဖြစ်နိုင်တာက နူးညံ့တဲ့ သဘာဝတရားတစ်ခုဖြစ်ပါလိမ့်မယ်.. ဒါကပဲ ကျနော့်ကို... အလှဆုံး... အလွမ်းတစ်ခု... ကိုပေးပါတယ်................................


....................................................................................
လူပြင်ရုံကို ခဏခဏသွားနေရတယ်ဆိုတဲ့ ရောဂါတစ်ခုက နလန်ထစ မနှင်းဆီဖြူ အားအားလျားလျား တက်ဂ်လိုက်တဲ့ ပို့လေးဖြစ်ပါတယ်.. ကျနော် ကျောင်းတက်တုန်းက ဘ၀အချိုးလေးတစ်ခုကို ရင်ဖွင့်လိုက်တာပါ.. ဒီပို့ထဲမှ တစ်ချို့အရာတွေဟာ အားလုံးကိုမရည်ရွယ်ပါဘူး.. ကျနော်ကျောင်းတက်တုန်းက ကြုံခဲ့ရတဲ့ လွမ်းမောဖွယ် ကျောင်းသားဘ၀လေးကို ပြန်ခံစားလိုက်ရုံကလွဲလို့ ဘာမှမပိုပါဘူး.. ဖတ်သွားတဲ့ မိတ်ဆွေတွေအားလုံး ကျောင်းသားဘ၀က မမေ့နိုင်တာလေးတွေတွေးရင်း ပျော်ရွှင်နိုင်ကြပါစေ..........





8 comments:

ပိုးဟပ်လေး said...

အားပါး....
သော်ဇင်ရာ ကောင်မလေးတစ်ယောက်တောင် မရခဲ့ဘူးပေါ့...
အရှက်မရှိတဲ့ မျက်နှာ အထူကြီးတပ်တာကတော့
ငါနဲ့ ခပ်ဆင်ဆင် :P
မယုံရင် မယ်နှင်းဆီဖြူက ငါ့ကို ထမင်းဖိတ်ကျွေးကြည့်ပါလား...
တစ်ခါတည်း ခေါ်တာ ဖြစ်မှာ စိုးလို့
ဟင့်တောင် မပြောဘူး တစ်ခါတည်း အင်းမှာ :P
နင်ကတော့ ငတ်ပေါ့....
ကွန်မန့် အရှည်ကြီးမန့်သွားတယ်နော်.........................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................
ဒါဗြဲ

သဒ္ဓါလှိုင်း said...

ကျောင်းသားဘ၀တုန်းကလွမ်းစရာကောင်းတဲ့အကြောင်းလေးတွေပေါ့..။
ကျောင်းတက်တုန်းကအချိန်ကဘယ်တော့မှမျက်လုံးထဲကမထွက်တော့တဲ့
အချိန်တွေပဲပေါ့မောင်လေးသော်ဇင်ရေ...။ဒါနဲ့သူငယ်ချင်းနာမည်တွေကို
ဘာလို့မေ့ပစ်လိုက်တာလဲ....

ခင်တဲ့
မသဒ္ဓါ

နှင်းဆီဖြူ said...

ကိုပိုးဟပ်ကလဲ စားမယ်ဆိုတာကြီးပဲ....း(( ခုမှ အလုပ်ရလို့ ပထမဆုံးလစာလေးတောင် ဘယ်နေမှန်းမသိသေးဘူး... ကိုသော်ဇင်တို့ ကျောင်းသားဘဝကြီးကပျော်စရာကောင်းလိုက်တာ... ဖားရိုက်တာက လွဲလို့ပေါ့...း( အကောင်လေးတွေ သနားပါတယ်... သတ်သတ်လွတ်မစားရင်နေပါ.. သေစေချင်တဲ့စိတ်နဲ့တော့ မသတ်နဲ့ပေါ့... မျက်ရည်တောင်ဝဲလာပြီ... ရွှတ်ဖက်.....း( ခုမသတ်တော့ဘူးမလား.. အဲတုန်းက ဖားလေးတွေသတ်လို့ စာမေးပွဲကျတာလားသိဘူး.. ဟိဟိ... တစ်ခါတစ်လေ ကံဆိုးခြင်းဆိုတာက ကံကောင်းခြင်းတွေသယ်လာတယ်တဲ့... ကိုသော်ဇင်သာ စာမေးပွဲအောင်ရင် ခုထိအလုပ်မလုပ်ပဲ စာတွေနင်းကန်ကျက်ချင် ကျက်နေရမှာ... ခုတော့ပိုက်ပိုက်တွေရနေတော့ကံကောင်းတယ်လို့ မှတ်ပေါ့.. နော်... ကွိကွိ.. မောလိုက်တာ... ခုနက စာရိုက်နေရင်း ဘာတွေဖိမိတယ်မသိ အရင် page ပြန်ရောက်သွားလို့ပြန်ရိုက်ရတယ်...း(... ကိုသော်ဇင်ကတော့ တာဝန်ကျေသွားပြီ... ဆောင်းရာသီလဲကြိုက်ပါတယ်...း) ဒီရက်ပိုင်းမိုးတွေ ရွာနေလို့ မိုးကိုကြိုက်နေတာ... ဟိဟိ...

အင်ကြင်းသန့် said...

သော်ဇင်ရေ....ဖတ်လို့တကယ်ကောင်းတယ်။ ကျောင်းသားဘ၀ အတွေ့အကြုံတော်တော်စုံတာပဲနော်။ စာမေးပွဲလေး တစ်ခါကျရုံနဲ့ အရှုံးပေးလိုက်ရရောလား....ဒါပေမယ့်လည်း ကောင်းပါတယ်လေ ဘ၀အကြောင်းကို စောစောစီးစီးသိခွင့်ရတာပေါ့ အခုလည်း ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်နေနိုင်ပြီမို့လား....အမှတ်တရဆိုတာတွေကတော့ အသက်နဲ့ခန္ဓာရှိနေသရွေ့ ဘယ်တော့မှ မေ့ပစ်လို့မရနိုင်တဲ့ အရာတွေလို့ အစ်မတော့ ထင်တယ်။

blackroze said...

သော်ဇင်ရေ..
ကျောင်းသားဘဝအမှတ်တရဆိုတာတွေကတော့
ဘယ်တော့မှမေ့လို့ရမှာမဟုတ်တဲ့ဘဝရဲ့အစိတ်အပိုင်းတွေ
ပါဘဲလေ...စာမေးပွဲလေးတခါကျရုံနဲ့ဘာလို့ကျောင်းကိုကျောခိုင်း
လိုက်ရတာလဲ...တကယ်တော့ဘဝဆိုတာကလဲ
တက္ကသိုလ်တခုပါဘဲလေ....
ဘဝတက္ကသိုလ်မှာတော့စာမေးပွဲဘယ်တော့မှ
မကျစေနဲ့သော်ဇင်ရေ..

မြတ်မွန် said...

ကျောင်းသားဘဝကိုတော့ လူတိုင်း ပျော်ရွှင်ကြမယ် ထင်တယ်နော်..

Candy said...

ကိုသော်ဇင်တို့ ကျောင်းသားဘ၀က ပျော်စရာကြီးနော်...ဟီးဟီး..:D... မိန်းကလေးအဆောင်ကို ဂစ်တာသွားတီးလို့ လက်ဖက်သုပ်တွေ ကော်ဖီတွေ တိုက်တာ ကိုသော်ဇင်ပြောပြမှ ကြားဖူးတယ်... နောက်ပြီး ယောကျာ်းလေးတစ်ယောက်ကို မိန်းကလေးအုပ်စုက လိုက်စတယ်ဆိုတာလည်း ရုပ်ရှင်တွေထဲမှာပဲ ရှိတယ်ထင်ခဲ့တာ.. ဘယ်လိုမိန်းကလေးတွေပါလိမ့်...@_@...ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ ကျရှုံးခဲ့ရင်တော့ အဲတုန်းကလို အရှုံးမပေးနဲ့နော်... aja aja fighting... ^_^

~ဏီလင်းညို~ said...

သော်ဇင့်စာလေးဖတ်ပြီး အတိတ်ရဲ့အရိပ်တွေ တစ်ဖျပ်ဖျပ်နဲ့ ပြန်မြင်လာမိသလိုလို.........
ဒီလိုစာမျိုး....အဖွဲ့မျိုးလေးတွေ ကိုဏီးသိပ်နှစ်သက်တယ်.....။
များများရေးဖို့ တိုက်တွန်းချင်ပါတယ်ဗျာ........။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Post a Comment

GO UP