July 17, 2010

မမေ့နိုင်သောနေ့နဲ့ အမေ့ခံသူ့စကားများ



ကျနော် ငယ်ငယ် (၈) နှစ်သားလောက်က အရမ်းကြိုက်တဲ့ ကာတွန်းကားလေး တစ်ကားရှိခဲ့ပါတယ်.. Disney ကထုပ်တဲ့ The Lion King ပါ.. သူ့အဖေလုပ်ကြုံခံလိုက်ရတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတော့ စိတ်ဓာတ်တွေကျ ၀မ်းနည်းခံစားနေရတဲ့ Simba လေးကို ပုရောဟိတ် ပုဏ္ဏား မျောက်လေးက "နင့်အဖေဟာသေဆုံးမသွားဘူး.. နင့်ကိုယ်ထဲမှာ ရှင်သန်နေတယ်.." လို့ပြောတဲ့ အခန်းလေးကို အရမ်းကြိုက်ပါတယ်.. နောက်တော့ Simba လေးဟာ အားတက်ပြီး သူ့ဦးလေး အာဏာရူးကို ပြန်လုပ်ကြံပြီး ထီးနည်းကို ပြန်ယူခဲ့ပါတယ်..

အရွယ်ရောက်လာခဲ့တဲ့ ကျနော်က အဖေနဲ့ အမေကို ညဖက်အိပ်ရာဝင်တိုင်း ကန်တော့မယ် လို့ပြောတော့ အဖေက မငြင်းပေမဲ့ "နင်ငါ့ကို ကန်တော့တာထက် ငါပြောတဲ့စကားတွေကို နားထောင် လိုက်နာဖို့က ပိုအရေးကြီးတယ်.." လို့ ဆုံးမခံရဖူးပါတယ်..

စာအုပ်တွေ တခုတ်တရ ဖတ်ဖြစ်တဲ့ ၂၀၀၆ ကိုရောက်တော့ .ဆရာကျော်ဝင်းရေးတဲ့ ကမ္ဘာပြားပြီ (ဘာသာပြန်) စာအုပ်ထဲမှာ ကျနော်မမေ့နိုင်တဲ့ စာသားလေးကို ထပ်တွေ့မိပါတယ်.. "ကျနော်တို့ အရင်က ၀ံပုလွေကို ကြောက်တယ်ဗျ.. နောက်တော့ ၀ံပုလွေနဲ့ အတူတူ တွဲကချင်လာတယ်.. တွဲကရင်း ကြာလာတော့ ကျနော်တို့ ကိုယ်တိုင် ၀ံပုလွေဖြစ်ချင်လာရော.." အမေရိကန်တွေ မျက်ဖြူဆိုက်လောက်တဲ့ တရုတ်တစ်ယောက်ရဲ့ စကားပါ..

ဒီနေ့ဟာ ကျနော်တို့ကို ကျွန်ဘ၀က ဆွဲထုတ်.. လွတ်လပ်အောင် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့တဲ့.. တိုင်းရင်းသားတွေကပါ ယုံကြည်လေးစားရတဲ့.. အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံခံခဲ့ရတာ (၆၃) နှစ် တည်းတည်းပြည့်ခဲ့ပါပြီ.. ဒီတော့ ဗမာတစ်ယောက်ဖြစ်တဲ့ကျနော်ဟာ ဗမာတွေရဲ့လုပ်ထုံးလုပ်နည်းအတိုင်း မနေ့က သူမိန့်ခွန်းတွေကို ပြန်နားထောင်တယ်.. သူရေးခဲ့တဲ့စာတွေကို ပြန်ဖတ်တယ်.. ဒါပေမဲ့ ထုံးစံအတိုင်း "သူဆုံးမခဲ့တဲ့အတိုင်း ငါဘယ်လောက်များ လုပ်နိုင်ခဲ့ပြီးပြီလဲ" လို့တော့ ယောင်လို့တောင် မတွေးဖြစ်ခဲ့ပါဘူး..

သူဟာ ကျွန်ဘ၀ဆို ဘာကျွန်ဘ၀ကိုမဆို မုန်းတယ်.. သူများရဲ့ လွတ်လပ်မှုကို မထိခိုက်တဲ့ ဘယ်လွတ်လပ်မှုမဆို တန်းဖိုးထားတယ်.. သဘောထားကြီးတယ်.. ဘာသာရေးအယူမသီးဘူး.. ခေတ်ကိုကြိုမြင်တယ်.. တစ်ချို့ရှေးရိုးစွဲ မိရိုးဖလာ အယူဝါဒတွေကို ပေါ်တင် ဝေဖန်တိုက်ဖျက်ခဲ့တယ်.. ဘာသာမတူ၊ လူမျိုးကွဲ၊ တိုင်းရင်းသားတွေအားလုံးကို ကိုယ့်သွေးသားလိုချစ်ပြီး အမြင်ကျဉ်းတဲ့ လူမျိုးကြီးဝါဒကိုမုန်းတယ်.. သူချစ်တဲ့ သူ့နိုင်ငံသားတွေကို ခတ်ရိုင်းရိုင်းစကားလုံးတွေကို သုံးပြီးတော့တောင် ဆုံးမခဲ့တယ်.. ဒါပေမဲ့ ကျနော်တို့ အမှတ်မရှိပါဘူး.. မှန်ပါတယ်.. ကျနော်တို့ဟာ သူ့ဓါတ်ပုံကို အိမ်မှာ ချိတ်ဆွဲတယ်.. သူ့ရဲ့မွေးနေ့၊ သူလုပ်ကြံခံရတဲ့နေ့တွေမှာ သူ့ကို ဖောဖောသီသီဂုဏ်ပြုကြပါတယ်.. မလာနိုင်တော့တဲ့ သူ့ကိုမျှော်နေကြတယ်.. သူ့လိုဖြစ်အောင် မကြိုးစားချင်ဘူး.. သူ့ဖြစ်စေချင်တဲ့ တိုင်းပြည်အတွက် အကျိုးဆောင်နိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်တော့ မကြိုးစားချင်ဘူး.. အမှားတွေကို ခေါင်းငုံခံတယ်.. အမှန်တရားတွေကို မပြောရဲဘူး.. သတ္တိမရှိဘူး....... လိမ္မာနေကြတယ်....... အမှန်တရားတွေက ထွက်ပြေးတိမ်းရှောင်တယ်.. တလွဲဆံပင်ကောင်းနေတယ်.. သူသာခုချိန်ထိရှိနေဦးမယ်ဆိုရင် သူဆဲတာကို ကျနော့်လိုလူမျိုးတွေ ခွက်ခွက်လန်အောင် ခံရမယ်..

ဘ၀တစ်ကွေ့.. ခုလို မလေးရှားမှာ အလုပ်လာလုပ်ရတဲ့အချိန်ရောက်တော့ ဂျပန်မှာ လက်ဗလာနဲ့ စစ်ပညာသွားသင်ခဲ့တဲ့ ဗိုလ်ချုပ်ကို ကိုယ်ချင်းစာမိတယ်.. ဒါပေမဲ့ ကျနော့် ရည်ရွယ်ချက်က ကိုယ့်အတွက်.. ကိုယ့်မိသားစုအတွက်.. သူ့ရဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်.. လူမျိုးအတွက်.. မှန်တာပြော မှန်တာလုပ် မှန်တဲ့လမ်းလျှောက်ခဲ့တဲ့သူဟာ ကံကံရဲ့အကျိုးတွေ ဆန့်ကျင်ဖီလာနေတတ်တဲ့ လောကကြီးမှာ သူဘယ်လောက်များ ဒုက္ခခံစားခဲ့ရမလဲ.. တရားမျှတမှု မရှိတတ်တဲ့ လောကကြီးမှာ တရားမျှတစွာနဲ့ ဗမာပြည် လွတ်လပ်ရေးကို တစိုက်မတ်မတ်ရှာသွားတဲ့ သူဟာ ကျနော်တို့ဗမာ့သမိုင်းမှာ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ မဟာလူသားတစ်ယောက်ပါပဲ.. ဒီနေ့တော့ ကျနော်ရဲ့စိတ်တွေထဲ သူ့ရဲ့အတွေးက မလွတ်နိုင်တော့ပါဘူး..

"ငါ့တို့ဗမာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်..." ဟုတ်ပါတယ်.. သူ့အကြောင်းဂုဏ်ပြု ကြွားဝါနေတဲ့ ကျနော့်လိုလူမျိုး ဗမာပြည်မှာ မမွေးသင့်ဘူး.. ဗိုလ်ချုပ်အောင်ဆန်းလို လူတွေချည်းပဲမွေးရမယ်..



5 comments:

ပိုးဟပ်လေး said...

အေးနော်....
ငါတို့ မြန်မာပြည်မှာ သူလိုလူမျိုးတွေ များများ မွေးပေးသင့်တယ်...
ခုတော့ အဲ့လိုလူမျိုးတွေ အစား နှစ်မသားချင်း မစာနာတဲ့ လူတွေက ပိုများနေတယ်....
တကယ်ကို ရင်နာဖို့ ကောင်းတယ်.....

ညလင်းအိမ် said...

ရေးထားတာ ကောင်းတယ် ...

အင်ကြင်းသန့် said...

သော်ဇင်ရေ....ဗိုလ်ချုပ်အတွက် အမှတ်တရပိုစ့်လေးကို ဖတ်ရလို့ကျေးဇူးပဲ။

blackroze said...

ဗိုလ်ချုပ်လိုလူမျိုးကနှစ်ယောက်မရှိနိုင်ပါဘူးရှင်..
ဒီပိုစ့်လေးအတွက်ကျေးဇူးပါနော်..

သဒ္ဓါလှိုင်း said...

မောင်လေးသော်ဇင်ရေ..
အာဇာနည်နေ့အမှတ်တရရေးတဲ့အတွက်လေးစားမိပါတယ်..။
ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများကိုဦးညွှတ်
အလေးပြုပါတယ်..။
ယနေ့အထိလည်းမိမိကိုယ်ကျိုးစွန့်ပြီးအသက်ပေးသွားသော၊အသက်ပေး
နေဆဲဖြစ်သောအာဇာနည်များကိုလေးစားဂုဏ်ပြုရင်းအမှတ်တရရှိနေကြဖို့
ဆုမွန်ကောင်းတောင်းမိပါတယ်.။

ခင်တဲ့
သဒ္ဓါ

Post a Comment

GO UP