July 26, 2010

Ludwig van Beethoven

ဒီနေ့တော့ ကျွန်တော် အရမ်းကြိုက်၊ လေးစား၊ အားကျရတဲ့ ကမ္ဘာကျော် ဂီတပညာရှင် တစ်ယောက်နဲ့ ကျွန်တော့် ဘလော့လေးဆီလာတဲ့ သူတွေကို မိတ်ဆက်ပေးချင်ပါတယ်။ မိတ်ဆက်ပေးတယ်ဆိုတာထက် ဒေါက်တာသန်းထွန်းရဲ့ (ကျော်စွာ ၁၀၀) မှ သူ့အကြောင်းရေးထားတာလေးကို share လုပ်တဲ့ သဘောပါ။ ကျွန်တော် အရမ်းကြိုက်တဲ့ (ကြိုက်လည်းကြိုက်သင့်ပါတယ်. သူက ကမ္ဘာကျော်ကိုး) ဗန်တိုဗဲန်အကြောင်းကို ကျွန်တော် နည်းနည်းလေး သိသလောက် သိစေချင်ရုံလေးပါ။

ကျွန်တော်တို့ ဂီတဆိုတာကို မေမေဆိုပြတဲ့ တေးတွေနဲ့ ငယ်ငယ်ကတည်းက လူတိုင်းယဉ်ပါးဖူးနေကြပါလိမ့်မယ်။ အရွယ်ရောက်လာတော့ ကိုယ်ချစ်တဲ့ ချစ်သူကို ကိုယ်ဘယ်လောက် ချစ်ခဲ့တဲ့ အကြောင်းပဲဖြစ်ဖြစ် လောကမှာ ကိုယ်ခံစားခဲ့ရတဲ့ ဒုက္ခတွေကို လူတွေကြားအောင် ရင်ဖွင့်ချင်လို့ပဲဖြစ်ဖြစ် ဂီတဟာ ကျွန်တော်တို့ရဲ့ဘ၀နဲ့ တစ်တွဲတည်းပါလာပါတယ်။ ဒါပေမဲ့ သူတို့ကို လှပအောင် လူတွေအားလုံး ခံစားနိုင်အောင်တော့ ဂီတသမားတွေပဲဖန်တီးနိုင်ကြတာပါ။ ကျွန်တော်တို့နိုင်ငံမှာဆိုရင် လွတ်လပ်ရေးတိုက်ပွဲဝင်ကာလက ပြည်လှဖေရဲ့ ဇွဲ သီချင်းလိုမျိုး၊ စိန်ဗေဒါ၊ နန်းတော်ရှေ့ဆရာတင်၊ ကိုစောငြိမ်း၊ မြို့မငြိမ်း သူတို့အားလုံးဟာလည်း သူတို့ချစ်တဲ့ ပရိတ်သတ်တွေကို သူ့တို့ ခံစားခဲ့ရတဲ့ ချစ်ခြင်း၊ မုန်းခြင်း တွေကို ရသအမျိုးမျိုးနဲ့ သံစဉ်တွေပြောင်းလဲပြီး ခံစားစေတယ်။

ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ ဂီတကို ဒီထက်ပိုပြောရရင် ဂန္ဓ၀င်ဂီတကို လေ့လာလိုက်စားတဲ့သူတွေ နည်းနေသလားလို့။ ဂန္ဓာဝင်ဂီတလို့ပြောတော့ ရိပ်ခနဲ ဆရာကြီး မြို့မငြိမ်းကိုသတိရမိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆင်ဖိုနီ ဆိုတာမျိုးကို ဆရာမြို့မငြိမ်းကလွဲပြီး ကျန်တဲ့သူတွေ ဘာလို့ အိပ်မက်မမက်ကြပါလိမ့်။ အေးလေ.. ဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ သူများနိုင်ငံတွေလို အနုပညာကျောင်းတွေ မဖွင့်နိုင်လို့ဖြစ်ချင်ဖြစ်မှာပေါ့။ ခုကျွန်တော်မြို့မငြိမ်းတို့ဘာတို့ပြောနေတာတောင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိုဆာဗေးတစ် ဖြစ်နေတဲ့ကောင်လို့ ဆဲကြမလားပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံက ထွက်တဲ့သီချင်းတွေက ဖန်တရာတေနေတဲ့ R&B လောက်က မတက်တာထင်တာပဲ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့တော့မရပါဘူး။ ကျွန်တော်တို့ကလည်း ဂီတကို ဂီတာလောက်နဲ့သာသိခွင့်ရတဲ့ အခြေအနေအောက်မှာ ကြီးပြင်းလာရတာဆိုတော့ တယောတို့ ပီယာနိုတွေဟာ အနုပညာတူရိယာလို့တောင် မထင်တော့ရတော့ဘူး သူဌေးတူရိယာလိုတောင် ဖြစ်လာတယ်။ သူများနိုင်ငံတွေမှာတော့ ဒီလိုပစ္စည်းတွေကို မူလတန်း စာသင်ကျောင်းလောက်ကတည်းက မြင်ဖူးကြပါတယ်။ ဟုတ်ပါတယ် ကျွန်တော်လည်း အနုပညာပစ္စည်းတွေကို အချိန်နဲ့အမျှ သိချင် တတ်ချင်ပေမဲ့ ဆဲလို လိုပစ္စည်းလေးကိုတောင် ဒီမလေးရှားရောက်မှာ KLCC ကိုသွားလို့ တစ်ခါတွေ့ဖူးတယ် (အနီးကပ်)။ ပီယာနိုကတော့ ငယ်ငယ်ကတည်းက တီးတတ်ချင်ပေမဲ့ ခုထိ တီးဖို့မပြောနဲ့ အနံ့လေးတောင် ကောင်းကောင်းမခံဖူးသေးဘူး။

ထားတော့ဗျာ.. ကျွန်တော်လေရှည်နေတာနဲ့ပဲ ပို့တစ်ခုလုံးပြည့်တော့မယ်။ ဗန်တိုဗဲန်ရဲ့ ဂီတ သံစဉ်တွေထဲက ကျွန်တော်ကြိုက်တာတွေကို ကျွန်တော် အကြိုက်ဆုံး စန္ဒားယားဆရာ Glenn Gould တီးထားတာလေးတွေကို စုပေးထားပါတယ်။ အချိန်ရရင် ခံစားသွားစေချင်ပါတယ်။ ခုတော့ ဒီဂီတ ဆိုတဲ့ ကဏ္ဍလေးကနေ ကျွန်တော်သိသလောက် ဂီတအကြောင်းလေးတွေ ကြိုးစားမျှဝေပေးသွားပါ့မယ်။ လာဖတ်တဲ့သူတွေထဲက ကျွန်တော်ထက်ပိုသိတဲ့သူတွေရှိရင်လည်း မျှဝေပေးကြပါဦး။ မှားတာလေးတွေရှိရင်လည်း ပြင်ပေးကြပါဦး။

............................





ဂီတရေးစပ်တဲ့ လူကျော်တွေထဲမှာ ကြီးမားအကျော်ကြားဆုံးဆရာ လုဒ်ဝစ် ဗန် ဗေတိုဗဲန်ကို ဂျာမနီ ဗွန်မြို့မှာ ၁၇၇၀ က မွေးဖွားခဲ့ပါတယ်။ အသက်ငယ်ငယ်လေးကပဲ သူ့အစွမ်းကို ဖော်ထုပ်ပြသနိုင်ခဲ့ပါတယ်။ လူငယ်အရွယ် ဗီယင်နာကို အလည်ရောက်လို့ မိုဇတ်ကို သွားတွေ့တယ်။ ခဏပဲတွ့ခဲ့ရတယ်။ ဗေတိုဗဲန် ဗီယင်နာကို ၁၇၉၂ မှာ တစ်ခေါက်ပြန်လာပြီး ဗီယင်နာမှာ ဂီတခေါင်းဆောင် ဟေ့ဆီမှာ ခေတ္တပညာသင်ပါတယ်။ (မိုဇတ်က အရင်တစ်နှစ်ကပဲ ကွယ်လွန်ပါတယ်) ဗေတိုဗဲန်ဟာ အဲဒီတုန်းက ကမ္ဘာ့ဂီတမြို့တော် ဗီယင်နာမှာပဲ အသက်ထက်ဆုံးနေထိုင်သွားပါတယ်။

ဗေတိုဗဲန် ပီယာနိုမှာ အလွန့်အလွန် ပါရမီထူးတာကို လူတိုင်းအံသြရပါတယ်။ ကိုယ်တိုင် ပီယာနိုတီးတာမှာရော ပီယာနိုတီးနည်း သင်ပြတဲ့ ဆရာအဖြစ်နဲ့ရော အင်မတန်အောင်မြင်ပါတယ်။ မကြာခင်ပဲ အင်မတန် ကျွမ်းကျင်လိမ္မာတဲ့ ဂီတဆရာလဲ ဖြစ်လာပါတယ်။ သူ့လက်ရာကို လူတကာက တမွန်တမြတ် နားထောင်လေ့ကျက်ကြပါတယ်။ အသက် ၂၅ နှစ် လောက်ကစပြီး သူ့ဂီတကို တွင်တွင်ကျယ်ကျယ် ပုံနှိပ်ထုတ်ဝေ ရောင်းချနိုင်ခဲ့ပါတယ်။

အသက်သုံးဆယ်နားနီးတော့ နားပင်းတော့မယ့် သဘောလက္ခဏာတွေ စတာတွေ့လာပါပြီ။ ဂီတဆရာလေးဟာ ဒီဝေဒနာကျရောက်လာမဲ့ အရိပ်လက္ခဏာကို သိပ်ကြောက်လန့်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် စဉ်းစားမိတယ်။

၁၈၀၂ က ၁၈၁၅ ထိ ဗေတိုဗဲန်ရဲ့ လူလတ်ပိုင်းအရွယ်မှာ နားမကြားတာဟာ တဖြည်းဖြည်းပိုလာလို့ လူတွေ့သူတွေမခံဘဲ ရှောင်နေခဲ့ပါတယ်။ ဓာတ်မသိသူတွက သူ့ကို လူကိုရွံမုန်းသူတစ်ယောက်လို့တောင် စွပ်စွဲပြောဆိုကြတယ်။ မိန်မပျိုတွေနဲ့ ချစ်ခင်ရင်းနှီးတာလည်း ခဏပဲ၊ အိမ်ထောင်မပြုတော့ပါ။

ဗေတိုဗဲန်ရဲ့ ဂီတကတော့ အများကြီးဆက်တိုက် ပေါ်ထွက်လာခဲ့တယ်။ နှစ်ရှည်လများကြာတဲ့အခါ ဘယ်ဟာ ခေတ်စားလာမယ်။ ဘယ်ဟာတွင်ကျယ်လာမယ်ကို ဂရုမစိုက်တော့ပါ။ အဲဒါလဲ နာမည်ကြီးလျက် လူကြိုက်များလျက်ပဲ ဖြစ်နေပါတယ်။

အသက် ၅၀ မပြည့်မှီ လုံးဝနားပင်းသွားပါတယ်။ အဲဒီအခါ လူပရိသတ်ထဲကို လုံးဝထွက်မလာတော့ပါ။ ဒီလိုနဲ့ ပွဲကြီး လမ်းကြီးတွေမှာ မပါဝင်တော့ဘဲ တစ်ယောက်တည်း ထီးထီးနေတဲ့ ဘ၀ကိုရောက်သွားပါတယ်။ အရင်ကလိုပဲ ဂီတသွက်သွက် မစပ်တော့ပါ။ ရေးသမျှလည်း လူတွေ နားမထောင်ကြတော့ပါ။ သူ့အကြိုက် သူထင်ရာရေးစပ်တယ်။ နောင်အခါ လက်ရွေးစင် ပရိတ်သတ် အတွက်ဖြစ်မယ်။ တစ်ခါက ဝေဖန်ရေး ဆရာတစ်ယောက်ကို "ဒါ မင်းတို့ဖို့ မဟုတ်ဘူး၊ နောင်တစ်ခေတ် အတွက်" လို့ ပြောဖူးတယ်လို့ အဆိုရှိတယ်။

အဆိုးဝါးဆုံး ကံတရားရဲ့ လှည့်စားမှု ဆိုရမလောက်ဖြစ်ပုံက ခေတ်အဆက်ဆက် အတော်ဆုံးဂီတ ဆရာတွေဟာ နားလေးတယ်။ ဗေတိုဗဲန်ဟာ လူတကာထက်သာပြီး နတ်သိကြားတမျှ စွမ်းတယ်ဆိုရင် နားပင်းပေမဲ့ သူရေးစပ်တဲ့ဂီတဟာ (သံစဉ်ညှိတာ၊ ရောတာတွေ မပါပဲ) အလိုလို ရေအယဉ်စီးသလို စီးထွက်ရ ကောင်းရဲ့လို့ပြောမယ်။ တကယ့်အဖြစ်က ပုံပြင်ထက်ဆန်းမယ်ပေါ့။ ဟုတ်တယ် သူ လုံးလုံးနားပင်းသွားပြီးမှ ရေးစပ်သမျှဂီတတွေဟာ အရင်လက်ရာတွေနဲ့ တန်းတူထက်တောင် ပိုသေးတယ်။ နောက်ဆုံးနေ့ရက်က လက်ရာဟာ အကောင်းဆုံးပဲလို့တောင် ချီးမွမ်းကြရပါတယ်။ အသက် ၅၇ နှစ် ၁၈၂၇ ဗီယင်နာမှာ ကွယ်လွန်ပါတယ်။

ဗေတိုဗဲန်ရဲ့ အကောင်းဆုံးလက်ရာတွေထဲမှာ ဆင်ဖိုနီ ကိုးပုဒ် ၏၊ ပီယာနို ကွန်ဆာတို ငါးပုဒ်၊ ပီယာနိုနဲ့ တယော အတွက် ဆိုနတာ ဆယ်ပုဒ်၊ သိပ်ကောင်းတဲ့ ဂီတ သံစဉ်တွေ အများကြီးပါပဲ။ ဒါပေမဲ့ ချီးမွမ်းစရာက အရေအတွက်မဟုတ်ပါ။ အရည်အသွေးဖြစ်ပါတယ်။ သူ့ဂီတမှာ နက်ရှိုင်းတဲ့ ခံစားမှုနဲ့ ဆင်ပြင်ပုံ ကျော့ရှင်းမှုပါတယ်။ ဗေတိုဗဲန်က တူရိယာဂီတဟာ အနုပညာထဲမှာ ဒုတိယနေရာက မဟုတ် သူ့လက်ရာနဲ့ အမြင့်ဆုံးအဆင့်ကို တင်ပေးခဲ့တယ်။

ဗေတိုဗဲန်ဟာ ဘယ်သူ့နည်းကိုမှ မမှီးပါ။ ပင်ကိုတီထွင်ရေးစပ်သူဖြစ်တယ်။ သူ့အစွမ်းနဲ့ ရှေးနည်းတွေကို ပြင်ဆင်ခဲ့တာကို အခုထိလက်ခံနေတာကိုပဲကြည့်ပါ။ တူရိယာဝိုင်းကိုလည်း ရှေးကထက် ကျယ်ပြန့်ကြီးမားအောင် ချဲ့ပေးခဲ့ပါတယ်။ ဆင်ဖိုနီကို အနံအလျား ဆန့်ထုတ်ပေးခဲ့ပါတယ်။ ပီယာနိုကို သုံးတတ်ရင် အများကြီးပွားများလာနိုင်တယ်လို့ ကောင်းဆုံးတူရိယာဖြစ်ကြောင်း ထင်ရှားအောင်ပြသခဲ့ပါတယ်။ ဗေတိုဗဲန်ကြောင့် ရှေးလက်ရာတွေ အချစ်အတွေးနယ် ကျယ်ပြန့်စေတယ်။

ဗေတိုဗဲန်ကို ဆရာတင်သူတွေ နောင်အခါ ပေါ်လာပါတယ်။ ဗြန်မ၊ ၀က်ဂနာ၊ ရှုဗတ်၊ ချိုက်ကော့စကီး တို့ဖြစ်ပါတယ်။ ဗာလွိုင်၊ ဂုစတပ်မာလာ၊ ရစ်ချတ်စထရော့နဲ့ အများကြီးရှိသေးတယ်။ ဒီစာအုပ်ထဲမှာပါမယ့် တခြားဂီတဆရာတွေရဲ့ ထိပ်ဆုံးကို ဗေတိုဗဲန်ကို ထည့်ရပါတယ်။ ဂျိုဟန်ဆီဗက်စတိယန်ဗြက်ကို အလားတူတော်တယ် ဆိုဦးတော့ ဗေတိုဗဲန်လောက် ကျယ်ပြန့်ပြီး နှစ်နှစ်သက်သက် နားထောင်တဲ့လူ မပေါဘူး။ ဗေတိုဗဲန်ရဲ့ သြဇာလောက် လေးနက်မှုမရှိဘူး။

ခြုံကြည့်ရင် နိုင်ငံရေးနဲ့ ကျင့်ဝတ်ရေးမှာပါ ပြောစကားက တေးဂီတသံထက်ထိရောက်တယ်။ ဒါကြောင့် စာပေက ဂီတထက် အနုပညာနယ်မှာ ပိုပြီး သြဇာရှိပါတယ်။ ဗေတိုဗဲန်ဟာ ဂီတသမိုင်းမှာ သိပ်ထင်ရှားကြီးကျယ်တာမှန်ပေမဲ့ ဒီစာအုပ်မှာ ရှိတ်စပီယားရဲ့ အောက်မှာ ပို့ရတာဖြစ်တယ်။ ဗေတိုဗဲန်ကို မိုင်ကယ်အိင်ဂျီလိုနဲ့ ယှဉ်ကြည့်တဲ့အခါ လူအများဟာ ဂီတကောင်းရင် မကြာခဏတီးမှုတ်တာကို နားထောင်ပေမဲ့ ရုပ်ထုဘယ်လောက်ကောင်းကောင်း ဂီတကိုနားထောင်သလို မကြာခဏကြည့်နိုင်ကြတာ မဟုတ်လို့ ဂီတက ရုပ်ထုထက် အများကို အကျိုးပိုသာတယ်လို့ ယူဆပြီး ပညာရပ်အနေနဲ့ သူတို့နှစ်ဦးဟာ ထိပ်ဆုံးက ရောက်နေသူတွေဖြစ်ပေမယ့် ဒီစာအုပ်မှာ ရှိတ်စပီးယားနဲ့ မိုင်ကယ်အင်ဂျီလို နှစ်ယောက်ကြားက ထည့်ပေးလိုက်ပါတယ်။


ဒေါက်တာသန်းထွန်း ရေးသော ကျော်စွာ၁၀၀ မှ ကူးယူဖော်ပြသည်။

Beethoven - 5th Symphony


Beethoven - Moonlight Sonata (3rd Movement)


Glenn Gould - Beethoven Sonata No. 31 in A-flat Major

4 comments:

အင်ကြင်းသန့် said...

သော်ဇင်ရေ....အစ်မကလည်း ဂီတ၀ါသနာအိုးဆိုတော့ ဗေတိုဗဲန်ကိုကြိုက်သူတစ်ယောက်ပါ။ ကြိုက်တာထက်သူ့အနုပညာကို လေးစားချီးကျူးမိတာ။ တကယ့်ကို အံ့မခန်းပညာရှင်တစ်ယောက်ပါပဲ။ သူ့လက်ရာတွေကိုလည်း နားထောင်သွားတယ်။ Moonlight Sonata ကိုအကြိုက်ဆုံး။

ဒါနဲ့မိုက်ကယ်အိန်ဂျယ်လိုကလည်း တော်တာပါပဲ။ သူလည်းတကယ့်ပါရမီရှင်ပါပဲ။

မျှဝေပေးလို့ ကျေးဇူးပဲ

ခင်မင်စွာဖြင့်
မအင်ကြင်း

blackroze said...

သော်ဇင်ရေ..ကျမလဲဂီတဝါသနာပါတဲ့သူမို့
အခုပိုစ့်လေးတင်ပေးတဲ့အတွက်ကျေးဇူးပါနော်..
သီချင်းတွေလဲdownload လုပ်သွားပါတယ်..

~ဏီလင်းညို~ said...

ညီလေးရေ့......

မဖတ်ဖြစ်ခဲ့တာလေး.......ဖတ်ရလို့ကျေးဇူးဗျာ......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

မြစ်ကျိုးအင်း said...

Beethoven နာမည် ကြားဖူးပေမယ့် ခုမှ ပြည့်ပြည့်စုံစုံ သိရတော့တယ်။ ကျော်စွာ ၁၀၀ စာအုပ်ကို စာအုပ်ဆိုင်မှာ တွေ့ပေမယ့် မငှားဖြစ်တာ ခုတော့ ငှားဖတ် ဖြစ်တော့မယ်ဗျ။
မျှဝေပေးတာလေးကို ကျေးဇူးတင်တယ်ဗျာ

Post a Comment

GO UP