February 21, 2011

နှလုံးသားရှိတဲ့အရပ်မှ ကြိုဆိုပါ၏။

“ကျွန်မကတော့ ဒီဝတ္ထုကလေးကိုကြိုက်တယ်။ ဒီလိုပြောလို့ တကယ့်ဂန္တဝင်လို့ ဆိုလိုတာမဟုတ်ဘူးနော်။ ‘အင်နာကရင်နီနာ’ မှ မဟုတ်တာ။ အဲဒါဘာဖြစ်လဲ။ ပြီးတော့ အရင်းရှင်သရုပ်ပျက်စာပေ ဘာညာလည်း ကျွန်မကတော့ ဆိုင်းဘုတ်မတတ်ချင်ပါဘူး။ ဝတ္ထုထဲက ဇာတ်လိုက် ‘ဇူဘတ်ဇော့’ လည်း လူပဲရှင်။ လူဆိုတာ အသည်းနှလုံးရှိတယ်ရှင့်။ ဒီတော့ ခံစားတတ်တယ်။ ချစ်တတ်တယ်။ အဲဒါဘာများမှားလို့လဲ။ ကျွန်မကတော့ သူ့ကို ကိုယ်ချင်းစာတယ်လေ။”

ကျော်ဝင်း - နှင်းခဲပျော်ချိန်
Ilya Ehrenburg - The Thaw

ကျွန်တော့်မှာ ယုံကြည်မိနေတာ တစ်ခုရှိတယ်။ ဆိုဗီယက်ယူနီယံ ပြိုလဲသွားတာဟာ မီးခေးဂိုဘာချော့ရဲ့ ထုခွဲရောင်းချမှုကြောင့် မဟုတ်ဘူး။ ရော်နယ်ရေဂင်ရဲ့ လက်နက်ပြိုင်ဆိုင်မှုတွေကြောင့်မဟုတ်ဘူး။ ခံစားတတ်တဲ့ နှလုံးသားတွေကြောင့်လို့ ယုံကြည်နေမိတယ်။ သက်သေပြစရာဆိုလို့ ဘာတစ်ခုမှတော့မရှိဘူးပေါ့။ အဒမ်စမစ်ရဲ့ အရင်းရှင်စီးပွားရေးလိုပဲ လူတစ်ဦးချင်းစီရဲ့ ခံစားမှု (မမြင်ရတဲ့လက်) က ကြီးမားတဲ့ အင်အားတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေမိတယ်။

ဒီနေ့ တူနီရှား၊ အီဂျစ် အဖြစ်အပျက်တွေ့ ကျွန်တော့်ရင်ကို လာရိုက်ခတ်ပါတယ်။ ဟစ်တလာကို စိတ်ပညာရှင်တစ်ယောက်က ညဖက်တွေမှာ ငိုယိုနေရတဲ့ စိတ်ဝေဒနာရှင်လို့ ပြောတော့ ဟစ်တလာက ဒီလူ့ကို ‘အရူး’ လို့ ဆဲတယ်။ သန်းပေါင်းများစွာသော လူတွေကို လူတစ်ဦးတစ်ယောက်တည်းက ကွပ်ကဲမယ်, အာဏာပေးမယ်, ခိုင်းစေမယ် ဆိုတာဟာ အန္တရာယ်များလှပါတယ်။ ဒီလိုစိတ်မျိုးဟာ အမှန်တရားကို ယုံကြည်တဲ့ သီလတစ်ခုနဲ့ လူတွေရဲ့ကောင်းကျိုးကို တစ်စိုက်မတ်မတ် ပြုလုပ်နေသူ တစ်ဦးတစ်ယောက်အတွက် ပြဿနာမရှိလှပေမဲ့ လူတွေကို နှိပ်စက်၊ ညှင်းဘန်း၊ သတ်ဖြတ်နေတဲ့ သူတစ်ယောက်အတွက်ဆို သူ့ရဲ့မကောင်းမှုတွေအတွက် အိပ်မက်ဆိုးတွေက ထပ်ကျပ်မခွာလိုက်ရင်း သူတစ်ယောက်တည်း အထီးကျန်ကျန်နဲ့ လူကျွံဘောဖြစ်နေသလို ခံစားနေရပါလိမ့်မယ်။ ယုံကြည်မှုဆိုတာ မရှိတော့တဲ့ သူ့နှလုံးသားအတွက် တစ်လောကလုံးကို ရန်မူနေရတယ်။ တိုက်ခိုက်နေရတယ်။ လိုအပ်ရင် အရှက်မရှိ ကောက်ကျစ်စဉ်းလဲဖို့လည်း အချိန်နဲ့ အမျှကြံစည်တွေးတောနေရပါတယ်။ နောင်တရတတ်တဲ့ အသည်းနှလုံးတစ်ခု အရင် တစ်ချိန်တစ်ခါက ရှိခဲ့ချင်ရှိခဲ့နိုင်ပေမဲ့ သူ စရွေးလိုက်တဲ့ သံသယ ကန္တာရလမ်းဆုံးချိန်မှာတော့ သူဟာ နောက်ကြောင်းကိုပြန်လှည့်ပြီး ခွေးတစ်ကောင်လိုပဲ ပြန်ကိုက်ပါတော့တယ်။

ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလို ယုံကြည်မှုတွေကို အတိုင်းထက်လွန် ယုံကြည်နေမိတာမျိုးတော့ မဟုတ်ပါဘူး။  ဒါကြောင့်လည်း တစ်ကြိမ်တစ်ခါက စိတ်ချဉ်ဖောက်ဖောက်နဲ့ ‘နတ်ဆိုးများ၏ ချစ်မြတ်နိုးမှုခံရသူများသည် ငရဲမှ လွတ်၏’ လို့ စာရွက်ပေါ်မှာရေးပြီးတောင် အခန်းနံရံမှာ ကပ်ထားဖူးသေးတယ်။ တစ်ခါတစ်လေလည်း လူယုတ်မာတွေအတွက် ‘ဥပဒေထက် လက်သီးတစ်လုံးက ပိုပြင်းတယ်’ လို့လည်း ခံယူထားသေးတယ်။ လောကကြီးကို ရင်ဆိုင်ဖို့ ဓါးတွေ၊ လှံတွေ (အလုပ်အကိုင်၊ ငွေကြေး) မစုဆောင်းပဲ ဘယ်လိုခရီးဆက်ရမလဲလို့လည်း ဂေါက်ကြောင်ကြောင် အမြဲတွေးဖူးတယ်။ လူသားတွေဟာ သိစိတ်နဲ့ မသိစိတ်ကြားမှာ ကျွန်တော့်လိုပဲ ဒွိဟ ဖြစ်နေကြသလားလို့လည်း စဉ်းစားမိတယ်။ အတိတ်ကံဆိုတာကို လုံးဝ အယုံအကြည်မရှိတဲ့ ကျွန်တော့်ရဲ့ အကြိုက်ဆုံး တစ်ရုတ်သီချင်း တစ်ပုဒ်က 可惜不是你 (ke xi bu shi ni) (Unfortunately, not you) တဲ့။ ရီစရာကောင်းမနေဘူးလား။ ဒါကြောင့် အချစ်နဲ့ အမုန်းကြားမှာ ပုဝါပါးပါးလေးပဲ ခြားတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ အဆီမဆိုင်တွေးမိသေးတယ်။

အမှန်တော့ လူတွေဟာ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ ဝါဒီကို ငြီးမွေ့နေတဲ့စိတ်နဲ့ ဇာတ်လိုက်ဝါဒီစိတ်ကြားမှာ ဗျာများနေကြတာပါ။ အသက်သာကြီးလာပြီး ကိလေသာ နှပ်ချီးတွေက မစင်တော့ မကြာခဏ အတ္တရောဂါထပြီး ငါ. ငါ.. ငါ... ငါ.... ဖြစ်ချင်နေကြရုံလေးပါ။ ဒီလိုလူတွေထဲမှာ အတ္တအကြီးလွန်သွားတဲ့ သူတွေကတော့ အရမ်းကိုသနားစရာကောင်းလှတယ်။ အမှန်တရားကို မမြင်ချင်လို့ မျက်လုံးပိတ်လည်း နားကကြား၊ နားကိုပိတ်လည်း စိတ်ကူးထဲ ဝင်လာလိုက်နဲ့ ဘယ်လောက်တောင် အလုပ်ရှုပ်နေကြမလဲ။ ဒီလိုနဲ့ အမှန်တရားကနေ ထွက်ပြေးလာလိုက်ကြတာ သူတို့နဲ့ ဝေးကွာလာတဲ့ ပြည်သူတွေဆိုတာကို မိမိကိုယ်ကိုလှည့်စား လိမ်ညာဖို့အတွက် ဟိုး.. အရင်.. ခေတ်ဟောင်း ငါ့မင်းငါ့ချင်း ကွန်မြူနစ်အစိုးရတွေဟာ သူတို့အစိုးရအဖွဲ့ကို ပြည်သူ့ကောင်စီ၊ သူတို့ စစ်တပ်ကို ပြည်သူ့တပ်မတော် စသဖြင့် အမည်တွေမှဲ့၊ အလိုက်တသိ ဆက်သထားကြတဲ့ ဘုန်းတော်ဘွဲ့တွေကို ဖတ်ပြီး ကိုယ့်ကိုယ်ကို သာရဏဂုံ တင်နေတတ်ကြတယ်။

အတ္တကြီးတဲ့ လူသားတစ်ယောက်ရဲ့ လက်အောက်မှာ ဘယ်လောက်ကြာကြာမိမိအတ္တကို ချိုးနှိမ်ပြီးနေနိုင်ကြမလဲ။ ဘယ်လောက်ကြာကြာ စိတ်ကူးယဉ် ငါ့မင်းငါ့ချင်း အရူးနယ်မြေမှာ နေနိုင်ကြမလဲ။ တတ်နိုင်သလောက် ဟန်ဆောင်လိုက်ကြစမ်းပါ။ တစ်ဘဝလုံးလား။ တစ်ဘဝလုံးပေးဆပ်ရလောက်အောင် အချစ်မှ မဟုတ်တာ။ ယုံကြည်မှုမရှိတဲ့ ရုပ်ဝန်းမှာ ရင်ခုန်သံဆိုတာလည်း မရှိဘူး, အချစ်ဆိုတာလည်း မရှိဘူး, နှလုံးသားဆိုတာလည်း မရှိဘူး၊။ စည်းဝါးကျအောင် ဇာတ်တိုက်ထားတဲ့ တစ်ဖြောင်းဖြောင်း လမ်းလျှောက်သံတွေနဲ့ အေးစက်စက်၊ မှုန်သုန်သုန် မျက်နှာတွေပဲ ရှိတယ်။ ကျွန်တော်ကတော့ စစ်ပွဲတစ်ခုကို ရဟတ်ယာဉ်တစ်စီးနဲ့ တိုက်ရတာထက် ကင်မရာတစ်လုံးနဲ့ တိုက်ခိုက်ရတာကို ပိုအားကျတယ်။ သေနတ်တစ်လက်ထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် နှလုံးသားရှိတယ်လို့ ထင်နေမိနေတာကိုး။     ။

2 comments:

မြစ်ကျိုးအင်း said...

ကိုယ့်ခံစားချက်ကို ရိုးရိုးရှင်းရှင်းရေးထားတဲ့ အက်ဆေးလေး ဆိုတာ ဖတ်ရတာ ထိထိမိမိရှိတယ်။
လူယုတ်မာတွေအတွက် ဥပဒေထက်လက်သီးတစ်လုံးက ပိုပြင်းတယ်
စာဖတ်သူကိုရိုးရိုးရှင်းရှင်းပဲ ချပြထားလို့ ဖတ်ရတာ စိတ်အာသာပြေပါတယ်။

အင်ကြင်းသန့် said...

အင်း အင်း....လူကဖြင့် ငယ်ငယ်လေးနဲ့ အဲလိုတွေလည်း ရေးသေးတာ။

လေးစားပါတယ် သော်ဇင်ရေ....စာတွေရေးပါဦး (ကိုယ်ဖြင့်မရေးဘဲ သူများကို လာတိုက်တွန်းနေသေးတယ်... :))

Post a Comment

GO UP