November 9, 2010

အမှားများစွာအတွက် (၂)

နေ့(၂)

မင်းသူ သူ ဆေးရုံရောက်တော့ ဖြိုးသူမှာ Operation ခန်းအတွင်းရောက်နေပြီဖြစ်သည်။ သူ ဖြိုးသူ တိုက်ပေါ်က ခုန်ချတယ် ဆိုတဲ့သတင်းကြားကြားချင်း သူလုံးလုံးကို မယုံနိုင်။ မနေ့ကမှ သူ့ သူငယ်ချင်းမှာ ဘကုတေး စားချင်သည် ဆို၍ သူ့မှာ သွားဝယ်ပို့ခဲ့သည်။ ကြားကြားချင်းသူဘာလုပ်ရမည်ကို မသိ။ သူ့မှာ ခုလိုဖြစ်ဖူးသော အတွေ့အကြုံ လုံးလုံးကိုမရှိ။ အကြံဥာဏ်ပေးမဲ့သူလည်းမရှိ။ သူသူငယ်ချင်းတွေအားလုံးမှလည်း တရားမ၀င်နေထိုင်သူတွေက များသည်။ Permit ရှိသည်ဆိုဟု သူ့ တစ်ယောက်သာရှိသည်။ သူ မကူလို့မဖြစ်။ သူနဲ့ ဖြိုးသူမှာ တစ်မြို့တည်းသားချင်း၊ တစ်ရပ်ကွက်သားချင်း၊ ငယ်ငယ်ကတည်းက ကစားဖော် ကစားဖက်။ ခုတော့ ခွဲစိတ်ခန်းထဲရောက်နေလေပြီ။ ထိုကိစ္စမှာ ဖြိုးသူတစ်ယောက် ကိစ္စတည်းသည်မဟုတ်။ သူလေးထပ်တိုက်ပေါ်က ခုန်ဆင်းလိုက်လို့ ထို တိုက်ဝင်းကျင်မှာ ရှိတဲ့ ရှိရှိသမျှ မြန်မာတွေအားလုံး ပြေးသွားရသည်။ တိုက်ခန်းပတ်ဝန်းကျင်မှာ ရဲတွေက ရှုပ်ရှက်ခတ်နေသည်။

"ရှင်က.. လူနာရှင်လား.. " သူအတွေးစ ပြတ်သွားသည်။

"ဟုတ်ကဲ့.. အမ.. " ထို Nurse လှမ်းအမေးကို သူပြန်လည်တုန့်ပြန်လိုက်သည်။

" ခွဲစိတ်လို့တော့ ပြီးပြီ.. ခြေနှစ်ဖက်စလုံးကျိုးကုန်တယ်.. သတိမရသေးဘူး.. "

"သြော်... " သူ့ ကြားလိုက်ရသည်မှာ နားမချမ်းသာလှ၊ ချိုးထောင့် နှစ်ဖက်နဲ့ သူ့သူငယ်ချင်း ဖြိုးသူအား စိတ်ကူးထဲမြင်လိုက်မိသည်။ ချိုးထောင့် နှစ်ဖက်နဲ့ သူ့သူငယ်ချင်းဖြိုးသူ..

"ရှင်.. ကျွန်မနောက်ခဏလိုက်ခဲ့ပါ.. "

"သြော် .. ဟုတ်ကဲ့အမ.. "

ဖြိုးသူ မလေးရှား ရောက်လာတော့ သူမှာ အရမ်းဝမ်းသာခဲ့ရသည်။ အထီးကျန်နေသော သူအတွက် သူငယ်ချင်းကောင်း တစ်ယောက်ရလာပြီးလို့ သူယူဆခဲ့သည်။ သူပျော်ခဲ့သည်။ သို့ပေမဲ့ အချိန်ကြာလာသည်နဲ့ အမျှ ဖြိုးသူမှာ သူ့သူငယ်ချင်းကောင်း ဖြစ်မလာခဲ့။ အလုပ်လေး အဆင်ပြေလာတော့ မူးယစ်ဆေးဝါးတွေ သုံးစွဲချင်လာသည်။ စကားလေးပြောတတ်လာတော့ မိန်းမလိုက်ချင်လာသည်။ သူ့မှာ သူငယ်ချင်းအားလမ်းမှားမရောက်စေချင် ဆောင်ရန်ရှောင်ရန်တွေကို သူအမြဲတမ်းပြောသည်။ တိုက်ရိုက်ပြောသည်။ သူတိုက်ရိုက်မပြောချင်သည်များကို သွယ်ဝိုက်ပြောသည်။ အစောပိုင်းမှာတော့ သူပြောသည်များကို နားလည်သလိုလို၊ ကြာလာတော့ နားမထောင်တော့။ သူလည်းမပြောချင်တော့ အလုပ်လည်းမတူတာမို့ တစ်ယောက် တစ်နေရာစီကွဲကုန်သည်။ သို့ပေမဲ့ သူ သူ့သူငယ်ချင်း ကောင်းစားနေသည် ဆိုသော သတင်းကိုတော့ ကြားရသည်။ ဘယ်လိုနည်းနဲ့ ကောင်းစားနေသည်ကို သူတိတိကျကျမသိပေမဲ့ သူ သူ့သူငယ်ချင်းအတွက် ပျော်ပေးသည်။ ဆေးရုံအခန်း တစ်ခုထဲရောက်သွားတော့။

"ထိုင်ပါ.. "

"ဟုတ်ကဲ့.. အမ.. "

"ရှင့်သူငယ်ချင်းမှာ.. Permit ရှိလား.. "

သူ့မှာ ရုတ်တရက် ဘယ်လိုဖြေရမယ်မှန်းမသိ၊ မရှိဘူးလို့ အမှန်ပဲပြောလိုက်ရမလား.. ၊ ရှိတယ်လို့လိမ်ပြီး ဖြိုးသူလုပ်ထားတဲ့ မိတ္တူအတုကိုပဲပြရမလား။

"မရှိလည်း.. ကိစ္စမရှိပါဘူး.. အမှန်တိုင်းပဲပြောပါ.. "

ထို မလေးမက ထိုလောက်ထိ စဉ်းစားတတ်နေမှတော့မထူးတော့။ သူအမှန်တိုင်းပြောလိုက်သည်။

"မရှိပါဘူး.. အမ.. "

"ရှင့်ဆီမှာတော့ရှိတယ်မဟုတ်လား.. "

"ဟုတ်ကဲ့.. ရှိပါတယ်.. "

"ဒါဆို.. ရှင့် Pass Port နဲ့ပဲ.. Register လုပ်ပါ.. "

"ဟုတ်ကဲ့.. အမ.. "

သူ့မှာ မလေးစကားပြောတတ်ပေမဲ့.. တစ်ချို့ဝေါဟာရတွေ နားမလည်သည်များရှိသည်။ ဆေးရုံရောက်တော့ ပိုဆိုးသည်။ သူပြောသမျှကို အားလုံး ကုန်ကုန်စင်စင် နားမလည်။ သူတို့ မလေးစကားပြောသည်က မြန်လည်းမြန်တဲ့ အပြင်၊ အဖွဲ့အနွဲ့တွေကလည်း ပါလိုက်သေးသည်။ ပညာတတ်တွေ ပြောတော့ပိုဆိုးသည်။ ထိုကြောင့် သူ့မှာ လုံးလည်ချာလည်နဲ့ ဟုတ်ကဲ့ ချည်းသာလုပ်နေရသည်။

"ဒါနဲ့.. ကျွန်တော့ သူငယ်ချင်း ဘယ်တော့လောက် သတိရမလဲဆိုတာ ပြောပြလို့ရမလား ခင်ဗျား.. "

"မနက်ဖြန်ပါ.. မနက်ဖြန်လာခဲ့ပါ.. "

"ဟုတ်ကဲ့.. အမ.. "

"ဒါဆို.. ကျွန်တော် ဘာဆက်လုပ်ပေးရဦးမလဲအမ.. "

"ရပါပြီ.. ရှင်သွားစရာ ရှိရင်သွား လို့ရပါပြီ.. "

ပြေပလောက်အောင် အခက်အခဲမတွေ့လို့ သူဝမ်းသာသွားသည်။

ဆေးရုံအပြင်ရောက်တော့ ချိုးထောင့်နဲ့ လမ်းလျှောက်နေတဲ့ သူငယ်ချင်းဖြိုးသူကို မျက်လုံးထဲမြင်ယောင်မိသည်။ ဖြိုးသူ ဘယ်လိုအခြေအနေနဲ့ ရှေ့ဆက်မည်နည်း။ ဆေးရုံမှ Permit မရှိတာသိသွားပြီ။ ရဲတွေလည်း ကြိမ်းသေ သိသွားပေလိမ့်မည်။ သူအပြင်ရောက်ပြီး ဆေးရုံကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ခုဆို သူမမြင်တွေ့ရခဲ့ပေမဲ့ သူ့ သူငယ်ချင်းဖြိုးသူမှာ ထိုဆေးရုံရဲ့ အခန်းတစ်ခန်း၌ အိပ်ပျော်နေပေလိမ့်မည်။

"ဟင်း..................."

တော်တော်ရှည်သော သက်ပြင်းတစ်ခု သူချလိုက်ပြီးမှ သူဆိုင်ကယ်ပေါ်တက်လိုက်သည်။ သူမှာ ဖြိုးသူ ခုန်ချခဲ့သော အခန်းအနီးမှ သူငယ်ချင်းများရဲ့ အခြေအနေကို သွားကြည့်ရဦးမည်မဟုတ်ပါလား။

.....................................................

နေ့ (၃)

"အဆင်ပြေရဲ့လားဖြိုးသူ.. "

"အင်း.."

"ခြေတော်တော်နာနေသေးလား.."

"......"

"အရမ်းကြီးစိတ်ပူမနေနဲ့လေ.. သူတို့ နိုင်ငံမှာက ဆေးတွေ အားလုံး အကောင်းစားတွေချည်းပဲ.. အားလုံးအဆင်ပြေသွားမှာပါ..  "

"......."

"ဒီမှာ.. ဟိုကောင်တွေပေးလိုက်တာ.. "

ကျော်ဇင် သူအလုပ်လုပ်နေတဲ့ ဆိုင်မှ ထည့်ပေးလိုက်သော ပန်းသီးထုပ်ကိုပြလိုက်တော့.. ဖြိုးသူ သူ့နံဘေးသို့ ကုတင်ပေါ်မှ တစ်စောင်းလှည့်ကြည့်သည်။ ဖြိုးသူမှာ သူ့ကိုလည်း ဘာမှ ဟတ်ဟတ်ပက်ပက်ပြန်မပြော.. သူအိပ်နေတဲ့ ကုတင်ရှေ့ကိုသာ စူးစူးကြည့်နေသည်။

"အေး.."

"ဒီမှာ ဖြိုးသူ.. ဒါက နင်ဖတ်ဖို့.. "

သူ ခုဏက ကောင်တာမှ ၀ယ်လာသော ပရိတ်ကြီး ဆယ်တစ်သုတ် စာအုပ်အားသူ စားပွဲပေါ် တင်ပေးလိုက်သည်။

"နင် သမ္ဗုဒ္ဓေ တော့ အလွတ်ရတယ်မဟုတ်လား.. တစ်ခြားဘယ်မှ တွေးမနေနဲ့ ဘုရားကိုပဲ အာရုံစိုက်နေ.. ကိစ္စတွေအားလုံး ငါစီစဉ်တတ်တယ်.. စားချင်တာရှိရင်လည်းပြော.. ဆရာမကိုမေးပြီး.. စားလို့ရရင် သွားဝယ်ပေးမယ်.. "

"မင်းသူ.. ကျော်ဇင်...... တို့ဆီမှာ ကျန်သေးတာလေး.. သွား.. ယူ.. ပေး.. ပါ.. လား"

သူ့မှာ တော်တော်အံသြသွားသည်။ သည်အချိန်ထိတောင် နောင်တမရသေးသော သူငယ်ချင်းကို စိမ်းစိမ်းကားကား ကြည့်လိုက်ချင်သည်။ 

"အာ.. သူငယ်ချင်းကလည်းကွာ.. သတိထားပါဦး.. ဒါဆေးရုံလေ.. နောက်မှပေါ့.."

ထိုအခိုက်..

"လူနာရှင် ရှိလား.. ဆရာဝန်ဆီ သွားတွေ့လိုက်ပါဦး.. "

"သြော်.. ဟုတ်ကဲ့ ဆရာမ.. "

"သူငယ်ချင်း.. ခဏလေး.. ကွာ.. "

ဆရာဝန်အခန်းထဲရောက်တော့ ဆရာဝန်ကပဲ သူ့အားစကားစပြောသည်။

"မင်းက လူနာ့သူငယ်ချင်းလား.. "

"ဟုတ်ကဲ့.. ဒေါက်တာ.. "

"ဒါဆို.. ဒီလူနာနဲ့ ပတ်သက်တာတွေ အားလုံး ခင်ဗျား တာဝန် ယူနိုင်ပါတယ်နော်.. "

"ဟုတ်ကဲ့.. ဒေါက်တာ ကျွန်တော် တာဝန်ယူနိုင်ပါတယ်.. "

ဆရာဝန်က သက်ပြင်းတစ်ချက်ချပြီးမှာ..

"ဟုတ်ပြီ.. ဒါဆို ကျုပ်ပြောမယ်.. "

"ဟုတ်ကဲ့.. ဆရာ.. "

"ခင်ဗျား သူငယ်ချင်းမှာ HIV ရှိနေပြီ.. ကျုပ်တို့ မလေးရှားနိုင်ငံထဲက အမြန်ထွက်သွားဖို့မျှော်လင့်တယ်.. "

"ဗျာ.. "

သူတဒင်္ဂ....... ဘာပြောရမှန်းမသိ.. ဖြိုးသူမှာ..... HIV ဘယ်လိုများ......

"ဘယ်ပဲဖြစ်ဖြစ်လေ.. ခင်ဗျား သူငယ်ချင်းကို ခင်ဗျားတို့ နိုင်ငံဆီ မြန်မြန်ပြန်ပို့လိုက်ပါ.. "

သူဘယ်လိုများလုပ်ရမည်လဲ။ HIV ရှိနေတယ်ဆိုသော ဖြိုးသူ.. ဘယ်လိုများမြန်မာပြည်ပြန်ပို့ရမည်လဲ။ ခြေက ကျိုးနေပြီ။ နောက် ဖြိုးသူမှာ HIV ဆို.... ဟိုကောင်မတွေမှာရော.. ။
သူစိတ်ညစ်သွားသည်။

"ဒါဆို.. ဘယ်လိုပုံစံနဲ့ ပြန်ပို့ရမှာလဲဆရာ.. သူက ခြေထောက်.. "

"ဒါပြဿနာမရှိပါဘူး.. ကျုပ်ခင်ဗျားကို ထောက်ခံစာရေးပေးလိုက်မယ်.. ဆေးရုံက ထွက်ပေးတယ်ဆိုတဲ့ သဘောပါ.. "

"ဘယ်.. ဘယ်.. လိုဆရာ... "

"ရှင်းရှင်းပြောရအောင်.. ခင်ဗျားသူငယ်ချင်းကို ဒီမှာ ဆက်မထားချင်တော့ဘူး.. ဒါကြောင့် သူ့ကို ခေါ်သွားပါ.. ခင်ဗျားနည်း ခင်ဗျားဟန်နဲ့ ဘယ်ပို့ပို့ ဘယ်ရောက်ရောက် ကျုပ်တို့နဲ့ မဆိုင်တော့ဘူး.. ဒီနိုင်ငံမြေထဲမှာမရှိရင်ပြီးရော.. "

"......................."

"ဒီအတွက် ခင်ဗျား လက်မှတ်ထိုးခေါ်သွားလို့ရပြီ.. "

"သြော်.. ဟုတ်ကဲ့.. ဒေါက်တာ.. "
..................................

နေ့ (၄)

ဆေးရုံက ထွက်လာပြီးသည်အထိ သူဘာလုပ်ရမယ်မှန်း သေချာမသိသေး။ ဖြိုးသူကို ပို့ဖို့ ပိုက်ဆံ ဘယ်လိုရှာရမည်လဲ။ ပါမစ်မရှိတော့ သူ့အား အောက်လမ်းက ပို့မှ ဖြစ်မည်။ အောက်လမ်းက ဆိုရင် အနည်းဆုံး မလေးငွေ (၉၀၀) လောက်လိုသည်။ ထိုဈေးနှုံးမှာလည်း ကော့သောင်းအထိသာ။ လက်ရှိသူ့မှာလည်း ပိုက်ဆံက မရှိ။ သူများဆီမှာပဲအကူညီ တောင်းမှဖြစ်တော့မည်။

သူငယ်ချင်းတွေအားလုံးဆီကို သူတစ်နေ့လုံး ပတ်သွားနေခဲ့ရသည်။ သူ့သူငယ်ချင်း အများစုဆီမှာ ဖြိုးသူ ခြေထောက်ကျိုးသွားပြီးဖြစ်ကြောင်း၊ သူ့ကို မြန်မာပြည် ပြန်ပို့မှာ ဖြစ်တော့မှာ ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့် နင်တို့ အနေနဲ့ တစ်ဆယ်နိုင်တစ်ဆယ်၊ နှစ်ဆယ်နိုင်နှစ်ဆယ် ကူညီကြဖို့ လိုက်ပြောရသည်။ သို့ပေမဲ့ ကူညီချင်သူများက သိပ်မရှိလှ။ ဖြိုးသူငါ့ ဆီက ချေးထားတဲ့ အကြွေးတွေ နင်ဆပ်ပေးမှ ကူညီမယ် လို့ပြောတဲ့သူများလည်းရှိသည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ မျက်နှာအထူ ခံထားလိုက်သည်။ ကိစ္စမရှိ ဖြိုးသူ ပြန်ဖို့ လမ်းစရိတ်အတွက် ကိုသာ အဓိကထားလိုက်သည်။ နောက် သူ့မှာ ရှိသော ပိုက်ဆံတွေနဲ့ ပေါင်းပြီး.. သူပွဲစားဆီ ဖုန်းဆက်လိုက်တော့သည်။
...........................................

နေ့ (၅)

"ဟဲလို... "

"မျိုးမင်းလား.. "

"ဟုတ်ကဲ့.. ကိုမင်းသူ.. "

"ငါ အောက်ရောက်နေပြီ.. ဆင်းလာခဲ့တော့... "

မျိုးမင်းအလုပ်လုပ်သော နေရာက လေးထပ်မှာဖြစ်ပြီး.. သူခုရောက်နေသော နေရာက မြေညီထပ်မှာ.. ဒါကြောင့် ဖုန်းဆက်ခေါ်နေရသည်.. သူ မျိုးမင်းကိုတော့ ညီလေးတစ်ယောက်လိုပင် ခင်မင်နေမိသည်.. ဒါကြောင့် သူလုပ်နားရက်.. တစ်ပတ်တစ်ခါ ဒီညီလေး မျိုးမင်းဆီသို့ရောက်ဖြစ်သည်။ မျိုးမင်း က အသက်ငယ်ပေမဲ့ စာရေးဆရာတွေအကြောင်း တော်တော်များများသိနေတတ်သည်။ ဒါကြောင့် သူ ဒီလို အလုပ်နားရက်မှာလာပြီး.. ထို ညီလေး မျိုးမင်းနဲ့ စကားလာပြောလေ့ရှိသည်။ နိုင်ငံရေးအကြောင်း၊ လူတွေအကြောင်း၊ တစ်ခါတစ်လေ စကားစပ်မိသွားရင်လည်း တရားအကြောင်း.. စသဖြင့်..

"ရောက်နေတာကြာပီလား.. ကိုမင်းသူ.. ကျွန်တော်က.. ဟိုနွားလေ.. တရုတ်ရစ်နေလို့.. အလုပ်ချိန်မှာတော့ တစ်ချိန်လုံး ဂိမ်းဆော့နေတယ်.. ခု ညနေခြောက်နာရီခွဲရောက်မှ အလုပ်ထလုပ်မယ်လုပ်နေလို့..  "

"ဘာပဲဖြစ်ဖြစ် နင်တို့ ဆရာ တပြည့်နှစ်ယောက်ကတော့ လိုက်ပါတယ်ကွာ.. ဒါကြောင့်လည်း နှစ်နှစ်လောက် အတူတူအလုပ်လုပ်နိုင်တာပေါ့.. "

"အလကားပါ ကိုမင်းသူ.. ဒီကောင့်ကို စိတ်ကုန်လွန်းလို့.. အင်တာနက်ပေါ်မှာ နင်သိတာ facebook နဲ့ youtube ပဲရိှလားလို့မေးတော့ ကျွန်တော့်ကို စိတ်ဆိုးတယ်.. "

"ဟုတ်လား.. ဟားဟား.. "

"ကျွန်တော် ဆိုလိုတာက တစ်ခြားစာတွေ ဖတ်စေချင်တယ်.. သူတို့ တရုတ်စာနဲ့ ရေးထားတဲ့ စာတွေပေတွေဆို.. အင်တာနက်ပေါ်မှာ ရိုက်သတ်လို့တောင်မဟုတ်ဘူး.. "

"အင်း.. ဒီမှာ နင်မှာလိုက်တဲ့ ဒီက တရုတ် သူငယ်တန်းကနေ တတိယတန်းအထိ စာအုပ်တွေ.. "

"ခုတော့.. ဒီလိုမဟုတ်ဘူး.. တစ်နေ့တစ်နေ့ ကွန်ပြူုတာကြီးဖွင့် သူ့ကိုပြန်မကြိုက်တဲ့ သူ့ကောင်မလေး facebook wall ကြီးကို တစ်နေ့လုံး ကသိုင်းရှုနေတယ်.. "

"ဟုတ်လား.. ဒီမှာ အရင်ပတ်က ငါယူသွားတဲ့စာအုပ်တွေ.. "

သူ မျိုးမင်းဆီက အရင်ပတ်က ငှားသွားခဲ့တဲ့ စာအုပ်တွေကို တင်ပေးလိုက်တော့.. မျိုးမင်းက သူခုမှ သတိရလာတဲ့ ပုံစံနဲ့..

"သြော်.. ဒါနဲ့ ကိုမင်းသူ.. ဖြိုးသူ ပြန်တာ နှစ်လကျော်ပြီနော်.. ပြန်ရောက်သွားပြီလား.. "

"အေးငါလည်း ဒီအကြောင်းပြောချင်လို့ နင်ဆီလာခဲ့တာ.. ဖြိုးသူအကြောင်း သေသေချာချာ နင်နဲ့ ငါပဲ သိတယ်မဟုတ်လား.. "

"ဘယ်လိုဖြစ်သွားပြီတဲ့လဲ.. "

"မနေ့က ဖုန်းဆက်မှ သိရတာ... ငါ့သူငယ်ချင်း ဖြိုးသူ... ဆုံးသွားပြီကွ.. "

"သြော်.. ဟုတ်လား.. "

"အင်း....... "

"အရမ်းစိတ်မကောင်းဖြစ်မနေပါနဲ့ ကိုမင်းသူရာ.. ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ခဲ့ကြတာပဲ.."

"ဒါပေမဲ့ ဖြိုးသူအမေက ငါ့တို့အိမ်လာတယ်ကွာ.. ပြီးတော့ ပြောတယ်... မလေးရှားမှာပေါ့ကွာ.. သူခင်ရတဲ့ ငါ့လို သူငယ်ချင်း ရှိရဲ့နဲ့ သူသားဒီလိုဖြစ်တယ်ပေါ့ကွာ.. သူသားကို ၀ိုင်းမထိမ်းကြဘူးဆိုတာ ပေါ့ကွာ.. "

"ဟာ.. ကိုမင်းသူကလဲ.. မလေးရှားလိုမျိုးနေရာက အားလုံး ကိုယ့်ကိုယ်ကို ကာကွယ်နေကြရတာဗျ.. သူငယ်ချင်းဆိုတာကို ကူညီလို့ပဲရချင်ရမယ်၊ အလုပ်ရှာပေးလို့ရချင်ရမယ်.. ဘယ်သူမှာ အစခပ်သိမ်း ထိမ်းဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ... မလေးရှားမှာနေတာက ကိုယ့်ကိုယ်ကို ကာကွယ်မှရသလို.. ကိုယ့်ကိုယ်ကို ထိန်းမှလည်းရတာလေဗျာ... "

"အေးလေ.. သူတို့က ဟိုက ဆိုတော့ ဒီမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဘယ်လိုသိမှာလဲကွ.. "

"အလကားပါဗျာ.. သူ့သားအကြောင်း သူတို့ သိပြီးသားပါ.. မြန်မာနိုင်ငံမှာ သူ့သားက ဘယ်လိုပုံစံနေခဲ့တာလဲ.. သူတို့ သိပါတယ်ဗျာ.. မသိချင်ယောင်ဆောင်နေကြတာ.. "

"ဟုတ်ချင်လည်း ဟုတ်မှာပေါ့.. "

"ကမ္ဘာကြီးပေါ်မှာက ဒီလိုဖြိုးသူတို့ လိုမျိုးကောင်တွေကြောင့် ညစ်ပတ်နေတာဗျာ.. ဒီလိုကောင်တွေလို ကောင်တွေ သေသွားတာအေးတယ်.. ဒါမှလည်း သန့်ရှင်းသွားမှာ.. "


သူညီလေး မျိုးမင်းဆီက ပြန်ထွက်လာတော့.. ည (၁၁) နာရီတောင်ရှိနေပြီ။ သူ့ဆိုင်ကယ်ပေါ်သို့ မတက်ခင်.. အတွေးတစ်ချက်က အလိုလျောက်ဝင်လာသည်။ ည (၁၁) နာရီဆိုတာနဲ့ သူသွားနေကျလမ်းမှာ Block များရှိနေမလား။ စိတ်ထဲက အလိုလို သတိပေးမိသည်။ သို့ပေမဲ့ ကိစ္စမရှိပါ။ သူ ထိုသို့မျိုးသော ဘ၀နဲ့ ရှင်သန်နေသည်မှာ (၇) နှစ်ပင်ကျော်ခဲ့ပြီ ဖြစ်သည်။ သူထိုနေရာမှာ အသားကျနေပြီဖြစ်သည်။ သူချစ်သော မြန်မာပြည်ထက်ပင် အသားကျနေသလို ခံစားလာရသေးသည်။ သူဟော့ကင်းစကား၊ ဟွားရီစကား၊ မလေးစကား အားလုံးပြောတတ်သည်။ သူ့အတွက် အလုပ်တစ်ခုဆိုသည်မှာ လုံးဝကို မရှား။ သူ့မှာ ဒီနေရာမှာ ပြောပလောက်တဲ့ တံတိုင်းဆိုလို့ကို မရှိတော့ပြီ။ သူ.. သူ့ကို မွေးဖွားသန့်စင်ပေးခဲ့ မြန်မာပြည်ကို ချစ်ပေမဲ့ သူဒီနေရာမှာနေရသည်ကို ပျော်နေမိသည်။ သူ့မိဘတွေကိုလည်း အထိုက်လျှောက် ထောင့်ပံ့နိုင်သည်။ သူချစ်သည်ဆိုသော မြန်မာပြည်ကိုတော့ လွမ်းသာလွမ်းပေမဲ့ သူ့မှာ မပြန်ရဲ။ ဒီမှာ ပိုက်ဆံစု၊ အလုပ်လုပ်မယ်ဆိုပြီး မြန်မာပြည်ပြန်ပြီးကာမှ.. ဘာအလုပ်မှမလုပ်ရသေးခင် ပေးစာကမ်းစာတွေ ပေးကမ်းလိုက်ရလို့ ပါသမျှပိုက်ဆံတွေ အပြုန်းပြုန်းဖြစ်ပြီး ဒီပြန်လာရသူများကိုလည်း သူအများကြီးသူမြင်ဖူးသည်။ တစ်ချို့ကလည်း ပြန်သွားပြီးမှ သူပို့ထားတဲ့ငွေတွေ တစ်ပြားမှ မရှိတော့လို့ ဒီကို ပြန်လာရသူများ၊ တစ်ချို့ကလည်း သူ့အကြောင်းနဲ့သူ။


မင်းသူအိမ်ရောက်တော့ ဆက်တွေးဖြစ်သည်။ အမှန်ပြောရရင် ဖြိုးသူကိုလည်း အပြစ်တင်လို့မဖြစ်.. အားလုံးက မုန်တိုင်းကြောင့် လွင့်စင်ရသည်များသာဖြစ်သည်။ ဗဟုသုတတွေ၊ တက်ကြွမှုတွေနဲ့ ပြည့်ဝနေရမဲ့ ကျောင်းသားလိုဘ၀မျိုးမှာတောင် သူတို့ရဲ့အသိဥဏ် ပိတ်ပိတ်ပိန်းအောင် ညံ့ဖျင်းခဲ့ရာက စပါလိမ့်မည်။ ငယ်ရွယ်စဉ်ကတည်းက လမ်းမှားတွေချည်းရွေးခဲ့မိသည်။ ပညာမရှိသော သူတစ်ယောက်က ဘယ်လို အမှန်အမှားကို ခွဲခြားတွေးနိုင်ပါမည်နည်း။ ကိုယ်ကျင့်တရားဆိုလို့ကတော့ ပညာကို နားလည်မှ။

ကိုယ့်မျက်စိရှေ့မှာ  အမှားမှားအယွင်းယွင်းတွေကြောင့် သေသွားသူများ၊ အသတ်ခံလိုက်ရသူများရှိသလို.. နောက်ထပ် ထိုအမှားမှားအယွင်းယွင်းတွေကြောင့်ပဲ.. ထပ်သေမဲ့သူများကိုလည်း သူ့မျက်လုံးထဲ မြင်နေရသည်။ သို့ပေမဲ့ သူဘာကိုမျှ မတားဆီးနိုင်၊ တားဆီးဖို့လည်း စိတ်မကူးတော့.. အခွင့်သာရင်တော့၊ အကူညီတစ်ခုခုများ လိုလာရင်တော့ စိတ်ပါလက်ပါကူညီချင် ကူညီလိုက်မည်။ သို့ပေမဲ့ အကူညီဆိုသည်တိုင်းလည်း ဒီလိုနေရာမျိုးမှာကောင်းသည်မဟုတ်။ တစ်ချို့က ဒီယုန်မြင်လို့ ဒီချုံထွင်နေကြသည်များရှိသည်။ သူသွားတော့ တားဆီးနေမည်မဟုတ်။ ထိုမလေးရှား၌ အားလုံးသော လူသားများမှာ သူသန်ရာ ကူးခတ်နေကြသူများသာဖြစ်သည်။ ထို့နောက် သူအတွေးစကို ဖြတ်၍ သူ့မျက်လုံးအား မှိတ်လိုက်တော့သည်။ သူမနက်ဖြန် မနက်အလုပ်ဆင်းရဦးမည်။ 
...........................................................
စိတ်ရှည်လက်ရှည်ဖတ်သွားသူများ အားလုံး ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံကြပြီး.. ကျွန်တော်ချစ်သော မလေးရှားမှာ အခုရောက်နေသော ညီငယ်၊ ညီမငယ်တွေ.. ထိုကျွန်တော့် သူငယ်ချင်းဖြိုးသူလို ဆိုးဝါးလှတဲ့ အဖြစ်မှ ကင်းနိုင်ကြပါစေ.. 

5 comments:

ဝက်ဝံလေး said...

ချက်ချင်းလာဖတ်တယ် ရေးထားတာ ကောင်းတယ်
တာ့တာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ဘယ်နိုင်ငံ ဘယ်နေရာရောက်ရောက်
ကိုယ့်ကိုယ်ကိုဘဲ ထိန်းသိမ်းလို့ရမယ်
ဘယ်သူကမှ လာထိန်းပေးလို့မရဘူး
ပြည်တွင်းမှာ ပျက်စီးတာတွေက တော်သေးတယ် တစ်ခုခုဆို မိဘဆွေမျိုးတွေ ရှိသေးတယ်
နိုင်ငံရပ်ခြားမှာ ဖြစ်လာရင် ဘယ်သူမှ ရှိတာမဟုတ်ဘူး
ဒါကြောင့် ကိုယ့်ကိုယ်ကို အသိတရားလေးနဲ့ထိန်းသိမ်းကြဖို့ အရေးကြီးပါတယ်နော်။

အင်ကြင်းသန့် said...

ဖြိုးသူအတွက်တော့စိတ်မကောင်းပါဘူး။ ဒါပေမယ့် အပေါ်မှာမချောတို့ပြောသလိုပဲပြောလိုက်ချင်ပါသေးတယ်။ လူဆိုတာ ဘယ်နေရာဘယ်ဒေသရောက်ရောက် ယုတ်စွအဆုံး မိဘအရိပ်အောက်မှာနေနေတာတောင်မှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းဖို့က အဓိကပါပဲ။ ကိုယ့်ကိုကိုယ်မထိန်းသိမ်းနိုင်တဲ့သူက ဘယ်လောက်လုံခြုံတဲ့နေရာမှာနေနေ သွားတာပါပဲ။ ဘယ်သူမပြုမိမိမှုပဲပေါ့။ ပတ်ဝန်းကျင်ဆိုတာမျိုးက အတိုင်းအတာတစ်ခုလောက်အထိပဲထိန်းပေးလို့ရမယ်လေ။ ဘယ်နေရာရောက်ရောက် အသိတရားနဲ့ ဆင်ခြင်တုံတရားလေးတွေကို လက်ကိုင်ထားသင့်ကြတယ်ထင်ပါတယ်။

မြစ်ကျိုးအင်း said...

နိင်ငံရပ်ခြားမှာ ကိုယ့်စိတ်ကိုယ် မနိင်ရင် သိပ်အန္တရာယ်ကြီးတယ်။
အဆုံးသတ်မလှတဲ့ ဇာတ်လမ်းလေးတွေ အများကြီး ထပ်မရှိစေချင်တော့ဘူး
ကိုယ့်လူမျိုးတွေ အဆင်ပြေပြေ အောင်အောင်မြင်မြင် ဖြစ်တာပဲ
မြင်ချင်တယ်ဗျာ

သော်ဇင်စိုး said...

ဖတ်သွားတဲ့ အကိုအမတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။
@မခင်ဦးမေ.. ဖြိုးသူကိုဆေးရုံက ဆရာဝန်ဆင်းခိုင်လိုက်တာကို အဲဒီဆေးရုံက ဆရာမတွေတောင် မသိပါဘူးခင်ဗျား၊ ဒါကြောင့် မင်းသူ ပါမစ်နဲ့ ဆေးရုံတက်ထားလို့ မင်းသူဆီကို ဖုန်းခနခန ဆေးရုံက လာပါသေးတယ်၊ နောက်တော့ လူနာက ဒီမလေးမှာ မရှိတဲ့ အကြောင်း၊ မြန်မာပြည် ပြန်သွားပြီဖြစ်ကြောင်း သေချာရှင်းပြလိုက်မှပဲ ဖုန်းထပ်မလာတော့တာပါခင်ဗျား။ သူတို့ ဖုန်းဆက်မေးတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီနိုင်ငံကပဲ တစ်ခြားဆေးရုံတစ်ခုမှာ ထပ်သွားကုမှာ စိုးလို့ပါတဲ့ခင်ဗျား။

Post a Comment

GO UP