November 3, 2010

အမှားများစွာအတွက် (၁)

နေ့ (၁)

သူ့ဝန်းကျင်တစ်ခုလုံး ဆူညံသလိုရှိပေမဲ့ သူတစ်ယောက်တည်းမှာ တိတ်ဆိပ်နေမိသည်။ မျက်နှာကြက်မှ သူဖွင့်ထားသော ပန်ကာမှာ စည်းချက်ကျကျ လည်နေသည့်တိုင် သူ့နှာခေါင်းဝက ၀က်သက်ထွက်သက်တို့မှာ စည်းချက်မကျစွာ လှုပ်ခါနေကြသည်။ သူ့ ခေါင်းတစ်ခုလုံး အုံပြီး မူးနေသည်။ သူ့ နှာခေါင်းပြွန်မှ ၀င်သက်တို့ လှုပ်ရှားလိုက်တိုင်း သူ့မှာ တစ်ခုခုလစ်ဟာနေသလိုမျိုး ခံစားနေရသည်။ ခန္ဓာကိုယ်ထဲမှာ ရှိရှိသမျှ သူ့အာရုံကြောတွေ အားလုံး အသက်ရှူလမ်းကြောင်းဝသို့ ပြောင်းရွေ့ကုန်ပြီလား လို့တောင် သူထင်နေမိသည်။ ထိုအကြောများအားလုံးသည်လည်း တစ်စုံတစ်ရာကို တောင်းပန်နေသည့်အလား တုန်ခါနေသည်။ သူ့မှာ သက်ပြင်းကိုသာ တွင်တွင်ချချင်နေပေမဲ့ ရှေ့သက်ပြင်းတစ်ခုက မဆုံးသေးမှီ နောက်ဝင်သက်တစ်ခုက ၀င်လာပြန်သည်။ သူ့ခုနက ဂရုပြုမိသော ပန်ကာမှာ ခုတော့ မလှုပ်မယှက်တော့၊ သူ တစ်ခုခုကို အလိုမကျသလိုဖြစ်လာမိသည်။

"တောက်............ "

သူတစ်စုံတစ်ခုကို နာနာကျည်းကျည်း တောက် ခေါက်လိုက်သည်။ သို့နှင့် တဖြည်းဖြည်း သူမောလာသည်။ အသက်ရှူသံမှာ ပို၍ပို၍ မူမမှန်ဖြစ်လာသည်။ ထိုအခိုက်.. သူ့နှာခေါင်းဝမှ ရှုသွင်းလိုက်သော တစ်ပိုင်းတစ်စသော လေထုထဲ သူတစ်စုံတစ်ခုကို သတိပြုလိုက်မိသည်။ သူ့ခန္ဓာတစ်ခုလုံး တဒင်္ဂ တည်ငြိမ်သွားသည်။ သူ့တူရူမှာ ပန်ကာမှာ ပြန် လည်လာခဲ့သည်။ သူရှူရှိုက်မိလိုက်သော အရာမှာ သူနဲ့ အရမ်းရင်းနှီးလွန်းလှသော တစ်စုံတစ်ရာသော အငွေ့၊ ဟုတ်သည်.. အငွေ့...။ သူ အဖြေရှာတွေ့သွားသည်။ သူလိုချင်နေသည်။ ထို့ အငွေ့အား သူလိုချင်နေသည်။ သူ ရှုရှိုက်လိုက်တိုင်း သူ့ဦးနှောက်အား ပွတ်သပ်ချော့မြူပေးမဲ့ အငွေ့..။ ထိုအငွေ့အား သူလိုနေသည်။ ကရောင်ကတမ်း သူနံဘေးမှာရှိသော ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိလိုက်တော့ သူလျှာမှာ ချွဲကျိကျိ ဖြစ်လာသလို ခံစားလိုက်ရသည်။ သူစိတ်မထိမ်းနိုင်တော့.. အိပ်ရာပေါ်တစ်စောင်းလှဲနေရာမှ ထလိုက်သည်။ နောက် အခန်းတံခါးကိုဖွင့်သည်။ အခန်းအပြင်သို့ ထွက်သည်။ နောက်.. သူခုနမှ ရှုရှိုက်လိုက်ရသော၊ သူတောင့်တနေသော၊ ထိုအငွေ့များပျော်ဝင်နေသော လေထုက သူအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်သည်။ သူ အတိုင်းအဆမဲ့ ၀မ်းသာသွားသည်။
..........................................

သူတွေ့လိုက်ရသော မြင်ကွင်းမှာ သူငယ်ချင်း နှစ်ယောက်က တီဗွီရှေ့ အရက်သောက်နေကြသည်။ တခြားသူ နှစ်ယောက်မှာ အခန်းဒေါင့်တစ်နေရာမှာ တစ်စုံတစ်ခုကို မီးညှိနေကြသည်။ ထိုနောက် အခန်းထောင့်ရှိ သူနှစ်ယောက်တို့မှာ သူတို့ ပြုသင့်သော အမှုကို ဆက်၍ဆက်၍ ပြုနေကြသည်။ သူ  အခန်းထောင့်နေရာမှ လူနှစ်ယောက်ဆီကို စိတ်ဝင်စားသွားသည်။  အာသီသတို့က ထိမ်းမနိုင် သိမ်းမရဖြစ်လာသည်။ သူခုနက ရလိုက်သော အငွေ့မှာ ထိုနေရာက ထွက်နေသော အငွေ့မဟုတ်ပါလား။ သူ တစ်လှမ်းချင်းစီ ရှေ့တိုးသွားရင်း..

"ဘယ်ကရလာတာလဲ.. ငါ့... ငါ့ကို နည်းနည်း........ "

အသက်ရှုသံတွေက လိုအပ်သည်ထက်ပိုမြန်နေ၍ထင်သည်။ သူ့မှာ စကားတောင် မနည်း မထစ်အောင် ကြိုးစားပြောနေရသည်။ ထိုင်နေသော နှစ်ယောက်ထဲမှ.. ကျော်ဇင်က သူ့အားပြန်ပြောသည်။

"ထိုင်လေ.. ဖြိုးသူ... "

"ရေခဲ မရလို့လား... " သူမေးလိုက်သည်။

(ရေခဲဆိုသည်မှာ မလေးရှားအစိုးရမှ ပြင်ပြင်းထန်ထန်လိုက်လံဖမ်းဆီးနေသော ယခုနောက်ပိုင်းမှ ပေါ်လာသော မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည်၊ အသွင် သဏ္ဍာန်မှာ ဘိန်းဖြူနဲ့ ခပ်ဆင်ဆင်တူပေမဲ့ သုံးစွဲရမှုခြင်း၊ သုံးစွဲပြီး ခံစားရမှုမှာမတူညီပဲ ကွဲပြားခြားနားသည်။ Chemical နာမည်ကိုဖြင့် ကျွန်တော်မသိပါ။)

"ကိုမိုးကြီး မနေ့က အော် ပါသွားတယ်လေ.. "

(အော် ဆိုသည်မှာ.မလေးရှားရဲများ၊ လူဝင်မှုကြီးကြပ်ရေးများ၊ Rela ခေါ် မလေးရှား ပြည်သူ့စစ်များ  စသည့်တို့ အဖွဲ့ပေါင်းစုံဖြင့် ဖမ်းဆီးမှုကို အော် (မြန်မာအများစုအခေါ် အော်ဗရာစီ, မလေးရှား = Koperasi, အင်္ဂလိပ် = Operation ဖြစ်သည်။)

"သြော်... "

သူ စကားပြောရင်း လက်မှ သူလိုချင်သော အရာတစ်ခုကို စက္ကူပေါ်မှ ယူလိုက်ရင်း တစ်ပိုင်းဖြတ်ထားသော  ကုတ် (Coke) ဘူးအသေး အဖုံးပေါ်ရှိ ကတော့ ပုံသဏ္ဍာန်ပြုလုပ်ထားသော ခဲပြား အတွင်းသို့ သိပ်ထည့်နေသည်။

"ဒါဆို သူတို့ BE ရောင်းနေတဲ့ ဆိုင်က ဘယ်လိုလုပ်မလဲ.. ပိုက်ဆံတွေ အားလုံး ချေပြီးပြီလား.. "

သူ့အမေးကို ဟိုသွားဒီသွား နှံနှံစပ်စပ်ရှိသော ကျော်ဇင်ကပင် ဆက်၍တုန့်ပြန်သည်။

"ဘယ်ကျေဦးမလဲကွ.. ရောင်းခဲ့တဲ့ ဆိုင်ရှင်ကလည်း မြန်မာပြည်ပြန်သွားပြီ.. ၀ယ်ခဲ့တဲ့သူကလည်း ခု အဖမ်းခံရတယ်.. အချုပ်ထဲနေပြီးရင် သူကိုလည်း မြန်မာပြည်ပဲပြန်ပို့မှာဆိုတော့ သူတို့ နှစ်ယောက်မြန်မာပြည်ရောက်ရင် ရှင်းကြလိမ့်မယ်... "

"ဒါဆို နင်တို့ နောက် ရေခဲ ဘယ်သူ့ဆီက ယူမှာလဲ.. "

"လမ်းထိပ်က ကုလားတွေကတော့ သူတို့ဆီက ရမယ်ပြောတာပဲ.. ခု နင်ရှူနေတဲ့ ဂန်ဂျာလည်း သူတို့ဆီကပဲ... "

( ဂန်ဂျာ (Ganja) ဆိုသည်မှာ မလေးရှား ဘန်းစကား ဆေးခြောက်ကို ဆိုလိုခြင်းဖြစ်ပြီး.. မလေးလိုမူရင်းမှာ.. (Dadah) ဒါဒါ့ ဖြစ်သည်။)

သူ ဆက်လက်၍.. ဖြတ်ထားသော   ကုတ်ဘူးသေးကို တစ်ပိုင်းဖြတ်ပြီး ရေတစ်ဝက်ခန့်ထည့်ထားသော ကုတ်ဘူးအကြီးထဲ အဖုံးဖွင့်၍ ထည့်သည်။ နောက် ကုတ်ဘူးအသေးရေထဲ လည်ပင်းလောက် နစ်သွားပြီဆိုတော့မှ သူခုနက အရာတစ်ခု ထည့်ထားသော ကတော့ တတ်ထားသည့် ကုတ်အဘူးဖုံးကို ပြန်ဖုံးလိုက်သည်။
ခုဏက အရက်သောက်နေသော သူနှစ်ယောက်မှာ မရှိတော့ တီဗွီ ပိတ်ပြီး.. သူတို့ အခန်းထဲ ၀င်သွားသည်။ နံဘေးတွင် ရှိနေသေးသော ကျော်ဇင်သူငယ်ချင်း ရန်နိုင်က သူ့အားလှမ်းပြောသည်။

"အခန်းထဲက နှစ်ကောင် ပြောနေတယ်.. နင်အလုပ်ရှာတော့ ဖြိုးသူ.. ငါတို့က ကွိုင်မရှိပေမဲ့ ဟိုကောင်နှစ်ကောင်က ပွစိပွစိနဲ့.. "

"ငါသိပါတယ်ကွာ.. မင်းသူ ဆီလည်း ညက အောက်ကဖုန်းနဲ့ သွားဆက်ထားသေးတယ်.. "

"အေးလေ.. နင်ဒီလိုတော့ ဘယ်လောက်ထိ ဆက်နေနိုင်ဦးမှာလဲ.. နှစ်လတောင်ကျော်နေပြီ.. စကားလည်းတတ်တယ်.. အရင်က အလုပ်လည်း လုပ်ဖူးတယ်.. မလေးရှားမှာလည်း လေးနှစ်ကျော်နေပြီ.. ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစား.. "

သူ မီးခြစ်အားလှမ်းယူသည်။ ခုနမှ အဖုံးပေါ်မှ ကတော့ကို မီးခြစ်ဖြင့် မီးညှိလိုက်ပြီး.. ရေထဲ လည်ပင်းခန့်ထိနစ်နေသော ကုတ်ဘူးသေးအား ရေထဲမှ တစ်ဖြည်းဖြည်းဆွဲတင်လိုက်သည်။ ထိုအခါ ခုနမှ လည်ပင်းထိ မြုပ်နေ၍ လေဟာနယ်မရှိသော နေရာမှ ရေများ အောက်သို့ကျဆင်းသွားသဖြင့် အဖုံးပေါ်ရှိ အပေါက်ဖောက်၍ ကတော့အဖြစ်ဖန်တီးထားသော အရာရဲ့ လမ်းကြောင်းအတွင်း ပြင်းအားကြီးကြီးဖြင့် လေများကိုစုတ်ယူတော့သည်။ ထိုအခါ ခုနမှ သူမီးခြစ်ဖြင့် မီးညှိလိုက်သော အရာများတစ်ချို့မှာ မီးလောင်ကျွမ်းပြီး ထိုအရာမှ ထွက်လာသော မီးခိုးများမှာ လေများပြင်းထန်စွာစီးဆင်းနေသော လေချွန်ပေါက်အတိုင်း စီဆင်းကြပြီး ခုနမှ လစ်လပ်သွားသော ရေရဲ့ နေရာတွင် ၀င်ယူလိုက်ခြင်းဖြင့် သူလိုချင်သော အငွေ့ ရတော့သည်။

"မရှူနဲ့ မဟုတ်ဘူးလေဟာ.. ရှူပေါ့.. ဒါပေမဲ့ အလုပ်လည်းလုပ်ပေါ့.. နင်ဟာက ရှူတာချည်းကများနေတယ်ကိုး.. " ကျော်ဇင်က ၀င်ပြောသည်။

အဖုံးဖွင့် အ၀ကို ပါးစပ်ဖြင့်တေ့ပြီး ဘူးသေးအားအောက်သို့ချရင်း ဘူးအထဲရှိ လူးလူးလွန့်လွန့် ဖြစ်နေသော အရာများ အားလုံး ကုန်စင်အောင် သူ ရှိုက်သွင်းလိုက်သည်။

"စွတ်... ဆွတ်.. ဆွတ်................... "

ငါလိုချင်တာ အဲဒါ ဟု။ ဘ၀င်ကျသွားသည်။ ခုမှပဲ သူ စိတ်နဲ့လူ ကပ်သွားတော့သည် ဟု ခံစားလိုက်ရသည်။  ဒီနည်းကိုလည်း သူတို့သူငယ်ချင်း အုပ်စုထဲတွင် သူအရင် စထွင်ခဲ့တာဖြစ်သည်။ သူတောင် နှောက်ရင်းပြောင်ရင်း အာခီမိဒိ ထွင်ပေးခဲ့တာလေ.. ဘာညာ ပြောခဲ့ဖူးသေးသည်။ ထိုအချိန်က သူ့မှာ အလုပ်အဆင်ပြေသည်။ အလုပ်က တစ်ခုတည်းတောင်မဟုတ် သုံးခု သူ့အတွက်အချိန်တွေက အရမ်းရှားပါးသည်။ ဒါပေမဲ့ သူ့ချစ်သူ တရုတ်မလေးနဲ့ အဆင်ပြေသည်။ သူ့မှာလည်း ပိုက်ဆံက ဖောဖောသီသီ.. သူ့ကောင်မလေးကလည်း သူ့ကို ချစ်သည်။ သူတို့ အတူတူ Cameron Highland သွားသည်။ Genting Highland သွားသည်။ Casino အတူတူဆော့သည်။ ဟိုတယ် တစ်ခုခုပြီးတစ်ခုတွင် သူတို့ ညပေါင်းများစွာ တစ်ယောက်နဲ့ တစ်ယောက် အဖော်ပြုခဲ့သည်။ သူချစ်သူက ဒီနိုင်ငံသား သူ့မှာ အခက်အခဲ အတားအဆီးဆိုလို့ ပြောပလောက်အောင်မရှိခဲ့။ ပီနန်တွင် အသုံးများသော ဟော့ကင်း (Hokkien) စကားအပြင်၊ ဟွားရီ (Mandarin) စကားပါ သူပြောတတ်လာခဲ့သည်။ သူ့ချစ်သူ ကလည်း သူ့ကိုအများကြီးကူညီခဲ့သည်။
............................................

သူအထက်ပါ အပြုအမူအတိုင်း အဖုံးထဲထည့်လိုက်၊ မီးညှိလိုက်ကို ငါးကြိမ်လောက်ခန့်ထိ သူပြုလုပ်လိုက်အပြီးမှာတော့.. ထိုအရာများတင်ထားသော စက္ကူပေါ်ဘာဆိုဘာမှ မကျန်တော့။ ယခုဆို သူ့မှာ ခြေတွေလက်တွေက သွေးတွေအားလုံး ဆုတ်နေသလို ခံစားနေရပြီဖြစ်သည်။ သူကိုယ်ခန္ဓာမှာ ဘာနဲ့ ကပ်ပြီး ထိညှိမနေ၊ လေတွင်လည်း ၀ဲပျံမနေပေ။ သူငြိမ်းချမ်းသွားသည်။ သူ့စိတ်ထဲတွင်ရှိရှိသမျှ လောဘ၊ဒေါသတွေ အားလုံး မကြွင်းမကျန် ကုန်ဆုံးကုန်သည်။ သူပျော်လာသည်။ သို့ပေမဲ့ ရွှင်လန်းလန်းတော့မဟုတ်။ ခုဏက ရန်နိုင်ရဲ့ နည်းနည်းရင့်သီး သလိုအပြောခံရသောစကား။ ထိုစကားကိုတောင် သူရီစရာလိုလို စိတ်ထဲက ထင်နေမိသည်။ ဒါပေမဲ့ သူဒီစကားမျိုးကို မကြားလိုကြောင်း သူ့ကိုယ်သူသိသည်။ ဒါကြောင့် သူအာရုံတွေအားလုံးကို တစ်ခြားတစ်နေရာဆီပို့ထားလိုက်သည်။

သူအဆင်ပြေခဲ့သော အချိန်တွေဆီ သူပြန်ရောက်သွားသည်။ သူ့က ငတုံးတစ်ကောင်လို သူ့ချစ်သူကောင်မလေး တစ်ယောက်တည်းကိုသာ ချစ်တတ်သောသူ မဟုတ်။ သူ့မှာ အဆက်အသွယ်တွေရှိသည်။ စကားတတ်လာသည်နှင့်အမျှ ဒီနိုင်ငံသားတွေနဲ့ ပိုရင်းနှီးလာသည်။ အလုပ်ဆိုတာကို အခုရှာအခုရနေသည်။ စကားတတ်တဲ့ သူဆို ဒီနိုင်ငံက သူဌေးတွေက ဘယ်သူဌေးမဆို လိုချင်သည်။ စကားကျွမ်းကျင်သူအနေဖြင့် အလုပ်သွားစပ်ရင် အရင်ရှိနေပြီးသော စကားမကျွမ်းကျင်သော အလုပ်သမားနေရာတွင်ပင် ထိုသူ့ကို ထုတ်ပြီး စကားကျွမ်းကျင်သူကို အလုပ်ခန့်တတ်သော ဒီနိုင်ငံ သူဌေးတွေအကြောင်း သူကောင်းကောင်းသိသည်။ သူစကားကျွမ်းကျင်သည့်အတွက် အခွင့်အလမ်းတွေဟာ သူ့ဆီမှာ များစွာရှိသည်။ ထိုသို့သောအရည်အချင်းတွေနဲ့ ပြည့်စုံသော သူ့လိုလူမျိုးက မလေးရှားလိုနေရာမျိုးတွင် မကောင်းစားရင် ဘယ်သူကောင်းစားတော့မည်နည်း။ မြန်မာမ၊ အင်ဒိုမ၊ ဗီယက်နမ်မ၊ စသဖြင့် သူဘေးမှာ ၀ိုင်းဝိုင်းလည်နေတော့သည်။ သူကရှာစရာမလို သူ့ကို လာရှာကြသူများဖြစ်သည်။ အပြန်အလှန်အားဖြင့် သူကလည်း ထို မိန်းကလေးတွေအတွက် အလုပ်အကိုင်များရှာပေးသည်။ ဒီလုပ်မကောင်း နောက်အလုပ် တစ်လုပ်၊ သူ့ကို အားကိုးအားထားပြုကြသည်။ သူက ထိုမိန်းကလေးများအား လက်လွှတ်နိုင်သည့်တောင် ထိုမိန်းကလေးများမှ သူ့အားလက်မလွတ်နိုင်ပါ။ သို့နှင့် တစ်ညတစ်ည သူ့ဖုန်းမှာ မက်ဆေ့ သံများဖြင့်  ဝေနေတော့သည်။ သူ့ချစ်သူကိုလည်း အကြောင်းအမျိုးမျိုးပြ ချော့သိပ်ထားနိုင်ခဲ့သည်။ မချော့ သိပ်၍လည်းမဖြစ်၊ သူ့ချစ်သူ တရုတ်မလို ဒီနိုင်ငံသား တစ်ယောက်က သူ့အား၊ သူမလုပ်နိုင်သော အကူအညီများစွာကို ပေးနိုင်သည်။ ထိုမိန်းမတောထဲ သူ နှစ်နှစ်လောက် ကျင်လည် အပြီးတွင်တော့ မိန်းမတစ်ယောက်အား ကြည့်လိုက်ရုံမျှဖြင့် မြန်မာမ၊ အင်ဒိုမ၊ တရုတ်မ၊ ဖီလပိုင်မ သူ ကောင်းကောင်းသိသွားပြီ။ ဒီနိုင်ငံမှ ကြုံရင်ကြုံသလို ပိုက်ဆံတောင်းနေသော ရဲတွေ ထက်တောင် မှ သူ့မျက်လုံးက ပိုကောင်းသေးသည်။ သူ ဒီနေရာတွေမှာ  ထိုရဲတွေထက်ပို ကြည့်တတ်သေးသည်။ သူပြောလိုက်ရင် မမှားစေရ၊ နောက်ပြီး မိန်းကလေးတွေကို ဘယ်လိုနည်းနဲ့ နိဒါန်းနဲ့စပြီး ဘယ်လိုနည်းနဲ့ နိဂုံးချုပ်ရမလဲဆိုတာကိုလည်း သူသေချာနားလည်ထားသေးသည်။

'ရ' နေပြီဖြစ်သော ကျော်ဇင်က..

"အဲဒီအချိန်က ငါတို့ရွာမှာ တိုရိုတာကားလေးတွေ စပေါ်တဲ့ အချိန်လေ.. အဲဒီမတိုင်ခင်က မြင်းလှည်းပဲ ရှိတယ်ဆိုတော့.. အဲဒီ ကားလေးတွေက အရမ်းမြန်တယ်ပေါ့ကွယ်.. "

"ဟား.. ဟား.. ဒါနဲ့ ခုနက နင်ပြောတဲ့ မိရှင်(သီလရှင်) ဘာဆိုင်လို့လဲ.. " ရန်နိုင်က စောဒက တက်သည်။

သူ့မှာ သူတို့ပြောသော စကားတွေကို ကြားတချက် မကြားတချက်။ သို့ပေမဲ့ ကျော်ဇင်က ခုလို 'ရ' နေသော အချိန်မျိုးတွင် 'ရ'နေသော အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်နိုင်သော ရီစရာတစ်ခုခုကိုပြောပြတတ်သည်။ သို့ကြောင့် သူဆက်နားထောင်နေလိုက်သည်။ ကျော်ဇင်က လေးတွဲလေးကန်ဖြင့်ဆက်ပြောသည်။

"အား.. ဆိုင်တာပေါ့ကွ.. အဲဒီမိရှင်(သီလရှင်)က တောဖိတ်နေ့ (သီလရှင်များဆန်ခံသောရက်၊ အဖိတ်နေ့ မတိုင်ခင်တစ်ရက်) မတိုင်ခင်ကတည်းက ဆန်ခံ ထွက်တာလေ၊ ဆန်ခံလာတာ.. မြန်တယ်ပေါ့ကွာ... "

"အဲတော့ ဘာဖြစ်လဲ.. "

"ဘာဖြစ်ရမလဲ.. အဲဒီမိရှင်(သီလရှင်) ကလည်း ဆန်ခံလာတာမြန်တယ်လေ၊ တိုရိုတာကားကလည်း မြန်တယ်ဆိုတော့.. ငါ..အဲဒီမိရှင်ကို နာမည်ပေးလိုက်တယ်.."

"ဘယ်လိုတဲ့လဲ..."

" 'မိရှင် တိုရိုတာ'.. လို့"

"ဟား..ဟား..ဟား..ဟား.."

အရင်တစ်ကြိမ်က ကြားဖူးပြီးသား ဟာသ ဆိုတာ သူခုမှ သတိရလိုက်ပေမဲ့ လိုက်လျောညီထွေဖြစ်အောင် သူပါ ရောယောင် လိုက်ရီလိုက်သည်။ 

"နည်းနည်းကျသွားပြီ.. မကျန်တော့ဘူးလား.. တစ်ဖုံ.... "

သူစကားထစ် နေမိသေးသည်။ သူ့ပိုက်ဆံမပါတော့ သူအားနာနေသည်။ သို့ပေမဲ့ ခုလိုကဏ္ဍမှာ ဘော်ဒါအပေါင်းအသင်းတွေ အချင်းချင်းနားလည်မှုရှိသည်။ အားနာစရာမလို။ သူဝယ်လာသော ပစ္စည်းဆိုရင်လည်း ကျန်ကောင်တွေ အားနာနေမှာမဟုတ်။

"တစ်ဖုံ.. ထပ်စပ်လိုက်ပါဦးလား.. "

ရန်နိုင်ရော၊ ကျော်ဇင်ပါ သိသိသာသာမျက်နှာပျက်သွားပြီးမှ.. သူ့စကားမှားသွားမှန်း သူပြန်သိလိုက်သည်။ ရန်နိုင်မှ..

"မကျန်တော့ဘူး.. ဟေ့လူရ.. ညဖက်ဘယ်လိုစခန်းသွားဆိုတာကိုလည်း ကြိုတွေး.. လူဆိုတာ ကြိုတွေးတတ်မှ လူလို့ခေါ်တယ်.. ဟေ့လူရ..."

သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်သွားသလို ခံစားလိုက်ရသည်။ သူ ဒီတိုက်ခန်းတွင် နေထိုင်ခဲ့သာ နှစ်လလောက်အတွင်း 'ဟေ့လူ' ဆိုသော စကားကို အပြောခံနေရသည်မှာ.. အကြိမ် နှစ်ထောင်မကတော့.. 'ဟေ့ကောင်' ဆိုတာထက်တောင် သူ နာ သေးသည်။ သူ နားဝင်ဆိုးသေးသည်။ သို့ပေမဲ့ ထို အငွေ့နဲ့ ပတ်သက်လာရင် သူ ဘာမာနမှ မထားနိုင်။ ထိုအငွေ့အတွက်ဆို သူဘာပဲဖြစ်ဖြစ် အပြောခံနိုင်ခဲ့သည်။ ထိုကြောင့်လည်း သူချစ်သူ တရုတ်ကောင်မလေးအိမ်တွင်မှာကအစ သူ့တွင် မပြေလည်သော ရက်များအတွင်း ထိုပစ္စည်း ၀ယ်ရန် သူပိုက်ဆံသွားတောင်းမိသေးသည်။ သူ့ချစ်သူ အဖေက သူ့အားနှင်သည်။ သို့ပေမဲ့ သူ အားမလျော့၊ နောက်ထပ်တခါထပ်သွားသည်။ သုံးလေးကြိမ်လောက်ရှိသော အခါမှာတော့ သူမအဖေလည်း ဆဲမနေနိုင်တော့ သူလိုချင်သော ပိုက်ဆံကို ပေးရသည်သာ။ ခုလို အကြိမ်ကြိမ်ဖြစ်ပြီးနောက်၌ နောက်ဆုံး သူ့ချစ်သူမှာ သူ့အားလက်မခံတော့၊ ထိုနောက်ပိုက်ဆံ ရှိသော ကလပ်တစ်ခုမှ တရုတ်တစ်ကောင်နဲ့ လိုက်ပြေးသွားသည်။ သူ့မှာ လက်ကိုက်ခံလိုက်ရသည်။ သူ ဘာတစ်ခုမှ မတုံ့ပြန်လိုက်နိုင်။ ဟိုတရုတ်တွေက ဂိုဏ်းစတားလိုလို၊ လူဆိုးလိုလိုဟာတွေ ဖြစ်သည်။ သူပြဿနာရှာရင် သူနာတာသာ အဖတ်တင်လိမ့်မည်။ ခုတော့ သူကောင်မလေးမှာ ထို တရုတ်အဖွဲ့ထဲမှ ကောင်တွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲနေပြီးဖြစ်သည်။ သူ့ရှေ့မှာပင်တွဲပြသည်။ သူ့ကို လုံးလုံးကို ဂရုမစိုက်တော့။
................................

ခုတော့ သူ့မှာ အားလုံးကုန်လို့ ၀ိုင်းသိမ်းလိုက်သည့်တိုင် သူ့ အတွေးတွေက မပြတ်သေး၊ 'ဟေ့လူ' ၊ 'အလုပ်ရှာ' စသော သူနားခါးသည့် စကားလုံးများက သူ့အတွေးထဲနေရာ ယူထားတုန်းရှိသေးသည်။  ဆက်တွေးတော့ သူ့ကို သူ့ခင်မင်သော သူ့အပေါင်းအသင်း အများစုကလည်း တော်တော်ချဉ်နေပြီကို သူသတိပြုမိသွားသည်။ ဒါဆို ငါ့ကို မချဉ်တာဘယ်သူရှိလဲ။ မလေးရှားစရောက်တဲ့ အချိန်ကစလို့ မိဘကို သူ ပထမဆုံးအကြိမ် သတိရသွားသည်။ သူပြန်တော့မည်။ ဒီမှာ တစ်ရက်ဆိုတစ်ရက်တောင် မနေချင်တော့။ သူအတွက် အရာရာမှာ ရှားပါးလာသည်။ သူ့ကို ခင်မင်နားလည်သော လူ၊ မိတ်ဆွေ တစ်ယောက်မှ ဒီတွင် မရှိတော့။ ဒါကြောင့် သူပြန်မည်။ မြန်မာပြည်ပြန်တော့မည်။ ပြန်တော့မည်ဟုတွေးလိုက်မှ.. သူ့မှာ မလေးရှား လေးနှစ်အတောအတွင်း မိဘဆီ ပိုက်ဆံ တစ်ပြားမှ မပို့ခဲ့သည်ကို သတိရသွားသည်။ ဖုန်းလည်းမဆက်ဖြစ်။ ဒီတော့ သူဘယ်လိုမျက်နှာဖြင့် ပြန်ရမည်နည်း။ သူအရင်ကလို မဟုတ်တော့၊ မျက်နှာ မထူချင်တော့။ သူ အလုပ်လုပ်ရမည်။ အလုပ်ရှာပြီး အလုပ်လုပ်ပြီးမှ ပြန်မည်ဟု သူဆုံးဖြတ်လိုက်သည်။

အလုပ်ရှာပြီးနောက်မှ ပြန်မည်ဟု ဆုံးဖြတ်လိုက်ပြီးကာမှ သူအရင်အလုပ်လုပ်ခဲ့တဲ့ ဆိုင်မှသူဌေး မနေ့ကသူအား ထိုသူဌေးဆိုင်ထဲမှ  မောင်းလွှတ်လိုက်တာကို ပြန်သတိရသွားသည်။ အလုပ်တစ်ရက်ဆင်းလိုက် နှစ်ရက်ပျက်လိုက်ဖြစ်နေသော သူ့ကို ဘယ်အလုပ်ရှင်မှ လက်မခံချင်တော့ ဘယ်သူငယ်ချင်းမှလည်း မျက်နှာအနာခံကာ အလုပ်ရှာမပေးကြတော့။ ဝေတေတေဖြစ်နေသော ခေါင်းထဲက၌ အနည်းငယ်လန်းလာသလို ခံစားလိုက်ရတော့ သူနောက်ထပ် လို နေပြီဖြစ်ကြောင်း သတိပြုလိုက်မိသည်။ သို့ပေမဲ့ ထိုအရာက ဘယ်မှာနည်း။ မရှိ။ ထပ်ဝယ်ဖို့ ဆိုတာလည်း သူမှာ ပိုက်ဆံဆိုလို့ တပြားမှကိုမရှိ။ သူသေချင်လာသည်။ သူသေချင်သည်။ ဟုတ်သည်။ သူအများကြီးမှားခဲ့သည်။ သူခုသိလိုက်ပြီ။ ထို့အတွက်ပေးဆပ်ရမည်။ သို့ပေမဲ့ သူထိုသို့တွေးခဲ့ပေါင်းလည်း များခဲ့ပြီ။ နောက်ပြီး သူဘာကိုမှ မပြုပြင်ဖြစ်။ ဟုတ်သည်။ သူ့မှာ သူ့အမှားတွေအတွက် သူ့အသက်ကလွဲပြီး ပေးဆပ်စရာ ဘာမှမရှိတော့။ သူ ညည အထီးကျန်နေတတ်သည့် တိုက်ခန်းဝရံတာဆီကို လျှောက်လာခဲ့သည်။ သူကိုယ်မှာ သူ့အိပ်ရာပေါ်မှာ လဲနေလျက် သူလျှောက်လာမိတာလား။ သူခန္ဓာကိုယ်ကြီးတစ်ခုလုံးကပဲ လျှောက်လာမိတာလား။ သူခွဲခြားလို့မရ။ ဒါပေမဲ့ သူ့အမှားတွေအတွက် ပေးဆပ်ချင်စိတ်တွေကတော့ သူ့စိတ်ထဲ ပိုလို့ပိုလို့ ပြင်းထန်လာသည်။ ၀ရံတာပေါ်၌ သူတက်ရပ်လိုက်သည်။ သူသေချင်သည်။ ဒါကြောင့် သူသေရမည်။ သူဆုံးဖြတ်ချက် တစ်ခုနဲ့အတူ သူ့ခြေဖျားအား ၀ရန်တာနဲ့ အဝေး လွတ်ရာ လေဟာနယ်ဆီသို့ သူအားစိုက် ခုန်တက်လိုက်သည်။ သူခန္ဓာကိုယ်တစ်ခုလုံး လေပေါ်မြှောက်သွားတော့သည်။ အောက်တွင်ရှိနေသော အ၀တ်လှန်းတန်းများ၊ ပြူတင်းပေါက်ပေါ်မှ အမိုးများနဲ့ သူ့ခန္ဓာကိုယ် ရိုက်ခတ်မိသည်။ သို့ပေမဲ့ သူ့တွင် နာကျင်မှု တစ်စုံတစ်ခုမှ မဖြစ်မိ၊ သူအံ့သြသွားသည်။ ထို အံ့သြမှု မဆုံးမှီမှာပင် သူ့မျက်လုံးမှ မြင်နေသမျှများ၊ သူတွေးနေသည့် အရာများ အားလုံး အမှောင်ကျသွားတော့သည်။
.......................................

မလေးရှားမှ သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ပျက်တစ်ခုပါ။  ပညာပေး ၀တ္ထုတိုတစ်ခုဖြစ်ဖို့ ရည်ရွယ်ပါတယ်။ ထိုကြောင့် အကြောင်းအရာတော်တော်များများကို ပွင့်ပွင့်လင်းလင်းပဲ အတွင်းကျကျ ရေးသားထားပါတယ်။ ပထမဆုံးရေးဖူးသော ၀တ္ထုတိုဖြစ်တာမို့ လိုအပ်သည်များ အများကြီးရှိပါလိမ့်မယ်။ သီးခံ ဖတ်သွားသူများအား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား၊။ ဝေဖန်စရာများရှိရင်လည်း ဝေဖန်ပေးကြပါဦး။ အပိုင်း (၂) အားဆက်ရေးပါဦးမယ်။

12 comments:

Sunny said...

ဆက်ရေးပါ.. အားပေးနေပါတယ်..

ကိုရီး{ကိုကြီး} said...

စိတ်ဝင်စားစရာ ကောင်းတယ် ညီ
မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် ထင်သာ မြင်သာစေတယ်
ရည်ရွယ်ချက်နဲ့ ရေးထားတာလေးမို့ အကျိုးများစေမှာပါပဲ
အပိုင်း - ၂ ကိုစောင့်ဖတ်နေပါ့မယ် ညီ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

Candy said...

ပထမဆုံးရေးထားတာလို့ မထင်ရလောက်အောင်ကို ဖတ်ရတာအဆင်ပြေပါတယ်.. အပိုင်း(၂)ကိုမျှော်လျက်.. Candy

မြစ်ကျိုးအင်း said...

ကောင်းတယ်ဗျ။ တကယ့်ဘဝမို့လို့ ဖတ်ရတာ ထိထိမိမိရှိတယ်။

thadarhline said...

လူအများလမ်းမှားရောက်ရတဲ့ အဓိကအချက်က ဘာပါလိမ့်...။ လူငယ်တွေ အဝေးကို ထွက်လာရတဲ့ ရည်ရွယ်ချက်က ပညာရှာဖို့လား.. ပိုက်ဆံရှာဖို့လား... အတွေ့အကြုံသစ်တွေရှာဖို့လား.... အလည်သက်သက်ပဲလား....။ ကိုယ်ဘာအတွက်နဲ့ လာရတယ်ဆိုတဲ့ ရည်မှန်းချက်ကို မပျောက်ပျက်စေချင်ဘူး.
လူဆိုတာ မှားတတ်ကြပေမဲ့ တူသောအမှားမျိုးကို ထပ်ခါထပ်ခါမမှားစေချင်ဘူး။
ခုလို လူငယ်တွေ ဖြစ်ပျက်နေကြတဲ့ လောကကြီးရဲ့ အဖြစ်အပျက်တွေကို သိယုံသိဖို့ ဆိုပြီး အစမ်းသဘော စမ်းကြည့်တာက အရေးမကြီးပေမဲ့ စွဲသွားခဲ့ရင် ဘ၀ကြီးမှာ ရည်မှန်းချက်ပျောက်ပြီး ကိုယ်စိတ်နှလုံးနာကျင်မှုတွေနဲ့သာ အဆုံးသတ်ရလိမ့်မယ်.။။ ကိုယ့်စိတ်ကိုယ်ကို နာကျင်မှုကင်းကင်းနဲ့ ပျော်ရွှင်စွာနေနိုင်ဖို့ သင်ခန်းစာပေးထားတဲ့ အတိုင်း သင်ခန်းစာယူနိုင်ကြဖို့ ဆုတောင်းမိပါတယ်။
အမသဒ္ဓါ

~ဏီလင်းညို~ said...

ဖတ်ရတာကောင်းတယ်.......။
အစ်ကို မြင်ဖူးတယ်.....။
ရေခဲသုံးတဲ့လူတွေကို.......ဒီမှာလေ.....။
သူက မအိပ်ချင်ဘူးတဲ့.....။ ပြောကြတာပဲ.....။ ပြီးတော့ ဈေးသိပ်ကြီးတယ်ဆိုပဲ.......။
အဲ့ဒါတွေသုံးတော့ ရှာလို့ရသမျှကုန်ရောပေါ့လေ......။
ဒီမှာက.....။
အင်းးးးးး ဘာမှဆက်မပြောတတ်တော့ဘူးရယ်ဗျာ.......။
(ဆက်ရေးဦးရှိသေးရင်.............)
မန့်တဲ့နေရာက.........ဝေါ့ဘာရီဘီကေးစင်းကို ဖြုတ်စေချင်ပါကြောင်းးးးးးဗျားးးးးးးး

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

သော်ဇင်စိုး said...

စာဖတ်သွားကြသော အားလုံးသော အကို၊အမ များအား ကျေးဇူးအထူးတင်ရှိပါကြောင်း.. :))

ဝက်ဝံလေး said...

ဖတ်ကောင်းတယ်ဗျ
ရေးထားတာတွေကို ဖတ်ပြီး ကိုသော်ဇင် များလားလို့ အဟိအဟိ ဟုတ်တယ်လေ အတိကျ မှန်ကန်နေတာကိုးးး
ဘိန်းရှူနည်း နောက်တမျိုးရှိတယ် (ခု ကိုသော်ဇင်ရေးထားတာထက်မိုက်တယ်)နောက်မှ တိုးတိုးလေး ပြောပြမယ် ခစ်ခစ် တာ့တာ

Unknown said...

ပညာပေးလေးကကောင်းပါတယ် ကိုသော်ဇင်ရေ... နောက်လဲ အားပေးပါမယ်.... ဒီလို အဖြစ်တွေ ဘယ်နှစ်ခုတောင် ရှိခဲ့ပြီလဲ မသိပါဘူးနော်...း(

အင်ကြင်းသန့် said...

ဖတ်လို့တကယ်ကောင်းပါတယ် သော်ဇင်....ဖတ်ပြီးတော့ စိတ်ထဲမှာလည်းမကောင်းဘူး။ ဆက်ရေးပါဦးလို့ တောင်းဆိုပါတယ်။

ခင်မင်စွာ
မအင်ကြင်း

blackroze said...

ဖတ်ပြီးတော့ကိုယ်ပါလေဟာနယ်ထဲ..လွင့်ခနဲဖြစ်သွားသလို
ခံစားလိုက်ရတယ်....အပိုင်း(၂)စောင့်နေတယ်..သော်ဇင်ရေ..

TYZ said...

ကိုသော်ဇင်စိုး... Facebook မှာ နှုတ်ဆက်တဲ့အတွက်ကျေးဇူးပဲ။ အကြောင်းကိစ္စတစ်ချို့ အဲဒီအကောင့်ကျွန်မသုံးလို့မရတော့ဘူး။ wall မှာရေးထားတာတော့ မြင်မိပါတယ်။ face book မှာပျောက်ပေမဲ့ သံယောဇဉ်ကိုတော့ ပစ်မထားပါဘူး။ စာမရေးနိုင်လည်း ပုံလေးတွေ လျှောက်တင်ထားတာ တွေ့တယ်မဟုတ်လား။ အခု ကိုသော်ဇင်စိုးရဲ့ ၀တ္ထုတိုလေးဖတ်ပြီးတော့ မလေးမှာ ရှိတဲ့မောင်လေးကို စိတ်ပူမိတယ်။ အခြေအနေတွေလွန်ကုန်မှာ စိုးရိမ်မိတယ်။ ပို့စ်လေးအတွက် ကျေးဇူးပါ။

Post a Comment

GO UP