October 29, 2010

မျောက်သစ်ကိုင်းလွတ်

ဒီရက်တွေ အတွင်းမှာ ကိစ္စတော်တော်များများတွေးဖြစ်တယ်။ ငါ့ အနာဂတ်၊ ငါ့ ဆက်ရမဲ့လမ်းက ဘယ်လိုဟာမျိုးဆိုတာတွေပါ။ တကယ်က နောက်ကျနေတယ်လို့ ထင်နေပေမဲ့ ကိုယ့်အနာဂတ်ကို တစ်ယောက်ယောက်က လာဖန်တီးပေးလိမ့်မယ်ဆိုတာမျိုး ယုံကြည်နေတယ်။ တစ်ကယ်တော့ ဒီလိုစိတ်မျိုး ကျွန်တော်မှာပေါ်လာတာ အဆန်းတော့မဟုတ်ပါဘူး၊ ကျွန်တော်က ကိုယ့်မိဘပြောတာ၊ အကိုပြောတာ၊ အမတွေပြောတာတွေပဲ လိုက်လုပ်ခဲ့ရတယ်ဆိုတော့။ သူတို့ကို အပြစ်တင်ချင်တဲ့ စိတ်လိုမျိုးမဟုတ်ပါဘူး။ သူတို့ ပြောတာကို တိတိကျကျ မလိုက်နာလို့လည်း ကျွန်တော် ခုလိုမျိုးဖြစ်လာတာပါ။ ဒါပေမဲ့ ကျွန်တော် ကိုယ့်လမ်းကိုမရွေးရဲအောင် တားဆီးတာမျိုးတော့ ဖြစ်စေတယ်လို့တော့ ထင်မိတယ်။ သူတို့က ကျွန်တော့် အာဏာရှင်တွေလေ။ သူတို့ပြောတာပဲ ဘာတဲ့... မိန်းမရွေးတာတောင် ကျွန်တော်နဲ့ တည့်မဲ့သူကိုမရွေးပါနဲ့တဲ့၊ အမတွေနဲ့ တည့်တဲ့သူပဲရွေးပါဆိုပဲ.. :P

ဒီတော့ ကိုယ်ဝါသနာနဲ့ ကိုယ်ရည်မှန်းချက် ဘယ်လိုလဲပေါ့။ ထပ်တူကျရဲ့လားတို့၊ ဘာတို့၊ ဆက်တွေးဖြစ်တယ်။ အဲဒီမှာပဲစ အခက်တွေ့ရော.. ကျွန်တော် ဘာဝါသနာပါမှန်း ခုထိကျွန်တော် သေချာကို မသိ။ ဂီတကိုပဲ ၀ါသနာပါသလိုလို၊ စာဖတ်တာကိုပဲ ၀ါသနာပါသလိုလို၊ တကယ်တော့လည်း ဒါတွေကလည်း ပါရမီရှင်တွေအတွက် သီးသန့် ၀ါသနာတွေဆိုတော့ ဂီတ၀ါသနာပါလို့ ဂီတာတီးတာကလွဲလို့၊ စာဖတ်တာဝါသနာပါလို့လည်း ဘလော့ထောင်ပြီး ကိုယ်ဖတ်ဖူးတဲ့စာတွေထဲက ကိုယ့်အတွေး၊ ကိုယ့်အယူအဆလေးတွေကို စာတိုပေစလေးတွေအဖြစ် ပြောင်းလဲတာကလွဲလို့ ဘာမှလုပ်နိုင်တာမဟုတ်။ 'တကယ်ဖြစ်ချင်တယ်ဆိုရင် တကယ်လုပ်၊ တကယ်ဖြစ်တယ်' ဆိုတာကိုတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ 'တကယ်ဖြစ်ချင် တကယ်လုပ် ဖြစ်တယ်' ဆိုတာရဲ့နောက်မှာ အကြောင်းတရားတွေက တစ်ခုမက ထပ်ရှိနေပါသေးတယ်။ ဒီတော့ တွေးကြည့်တယ်၊ ကျွန်တော့်မှာ 'ဘ၀အာမခံချက်ရှိတယ်ဆိုတဲ့ အလုပ်တစ်ခု' ဆိုတဲ့ ပစ္စည်းတစ်ခုလိုနေတာပဲ။ ၀ါသနာနဲ့ ကိုယ့်ရည်မှန်းချက် ထပ်တူကျတာမျိုးပေါ့။ ဥပမာ - မတရားမှုကို မုန်းတီးသူတစ်ယောက်က ရှေ့နေလုပ်ပြီး မတရားမှုတွေကို ကာကွယ်ပေးတာမျိုးပေါ့။ ဒါလည်း ကိုယ့်မျက်စိရှေ့မှာ တစ်ခါမှ မျက်မြင်ကိုယ်တွေ့မရှိခဲ့တော့ ဖြူသလား၊ မဲသလားတော့ သေချာမသိပါဘူး။ ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာတော့၊ ဒီလိုပစ္စည်းမျိုးတွေက အနောက်နိုင်ငံတွေမှာတော့ ရှိတယ် ဆိုလားပဲ။ ခု လုပ်နေတဲ့ အလုပ်ကတော့ သေတဲ့ထိလုပ်နေရမဲ့ အလုပ်တော့မဟုတ်ဘူး။ တစ်နေ့တော့ သံယောဇဉ်ကင်းကင်းနဲ့ ကျောခိုင်းရမှာပဲ။ ဘာလို့လဲဆိုတော့ ကိုယ်က မြန်မာနိုင်ငံသား ဖြစ်ခဲ့တာကိုး။

နောက်တော့ အာကွာ.. ရှုပ်တယ် ဆိုပြီး.. အဲဒီအကြောင်းမတွေးတော့ဘူး။ ကိုယ့်ရည်မှန်းချက်ကို ကျော်တွေးကြည့်တယ်။ တကယ်လို့ ကိုယ့်ရည်မှန်းချက်က အဲဒီ အနောက်နိုင်ငံက ပစ္စည်းကြီးမပါရင်လည်း ဖြစ်တယ်ဆိုရင် ရှာမနေတော့ဘူး ဆိုပြီးတော့ပေါ့။ ရည်မှန်းချက်..... ဟိုငယ်ငယ်သေးသေးလေး အရွယ်တုန်းကတော့ နင်ကြီးလာရင် ဘာလုပ်မလဲမေးရင်၊ အင်ဂျင်နီယာ လုပ်မယ်လို့ပဲဖြေခဲ့တယ်။ အသက်နည်းနည်းကြီးလို့ (၅)တန်းလောက် အရွယ်လောက်ရောက်တော့ စစ်သားဖြစ်ချင်လာတယ်။ ရမ်ဘိုကားတွေ၊ အမေရိကန် စစ်ကားတွေကိုကြည့်ပြီး စစ်သားဖြစ်ချင်လာတယ်။ ဆယ်တန်းအောင်လာတော့ ဒီရည်မှန်းချက်ကို ကိုယ်တိုင် အလိုတူတူနဲ့ပဲ လိုလိုလားလားနဲ့ စွန့်လွှတ်လိုက်တယ်။ အဲဒီက ကျော်လာတဲ့ အရွယ်တွေမှာ ကျွန်တော့်မှာ ဘာရည်မှန်းချက်မှ မရှိတော့ဘူး။ ဒီလိုနဲ့ တော်တော်ကြာလိုက်သေးတယ်.. နောက်တော့မှ ဆရာကိုတာတို့၊ ဆရာကျော်ဝင်းတို့ရဲ့ ကျေးဇူး တစ်နည်းအားဖြင့် စာအုပ်စာပေလေး နည်းနည်းပါးပါးဖတ်ဖြစ်တဲ့ ကျေးဇူးလေးကြောင့် ကိုယ်က လူလောက ကမ္ဘာကြီှးမှာ နေထိုင်ပြီးမှတော့ ကိုယ့်ပတ်ဝန်းကျင်လေးကိုတော့ နည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ် ကောင်ကျိုးပြုရမှာ လူ့တာဝန်ပါလားလို့ သဘောပေါက်လာတယ်။ ဘယ်လိုလုပ်မလဲဆိုတော့ အဲဒီအချိန်က ကိုယ်ကလည်း စာအုပ်ဖတ်တာကိုပဲ အသည်းအသန် အားသန်နေတဲ့ အချိန်၊ စာအုပ်ဖတ်ခြင်းသာလျှင် ပညာကို တွေ့ရှိရာတွေ့ရှိကြောင်းလို့ ခံယူနေတဲ့အချိန်၊ လူငယ်တွေဟာ အသိဥာဏ်တိုးလာတာနဲ့ ရန်ဖြစ်မဲ့ အလေလိုက်မဲ့ အချိန်တွေ ရှိတော့မှာမဟုတ်ဘူးလို့ ယုံကြည်နေတယ်။  ဒီတော့ အဲဒီအချိန်မှာ စိတ်ထဲက ဆုံးဖြတ်ချက်တစ်ခုချလိုက်ဖူးတယ်။ ငါ စာကြည့်တိုက် လုပ်မယ်။ ဆိုတဲ့အတွေးပါပဲ။ ဒီဆုံးဖြတ်ချက်ကတော့ ခုချိန်ထိ ရှင်သန်နေသေးတယ်။ ကိုယ့်မှာရတဲ့ ပိုက်ဆံတွေအားလုံးကို စာအုပ်အဖြစ်အသွင်ပြောင်းတယ်။ နောက် အဲဒီအချိန်က စာအုပ်တွေကို ၀ါးစားသလို ဖတ်ဖြစ်ခဲ့တယ်။ မိုးဂျာနယ်၊ စတိုင်သစ်တို့ကို လတိုင်းဝယ်တယ်။ အဲဒီကြားထဲမှာ ထွက်တဲ့ ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေရေးတဲ့ စာအုပ်တွေ အားလုံးဝယ်တယ်။ ရင်ထဲမှာ ဘ၀တွေ၊ အချစ်တွေ ဘာဆိုဘာမှမရှိ၊ ကျွန်တော့် ဦးနှောက်ထဲ အလုပ်နဲ့စာအုပ်တွေသာ ရှိခဲ့တယ်။ အဲဒီနောက် မလေးရှားထွက်လာခဲ့ရတယ်။


ကျွန်တော် စာအုပ်တွေထဲက ကဗျာတွေထဲမှာ တွေ့ခဲ့ဖူးတဲ့ အထီးကျန်မှုဆိုတာဟာ ခေါင်းစဉ်တွေအမျိုးမျိုးတတ်ပြီး ရောက်လာခဲ့ပါတယ်။ ကျွန်တော်ဟာ ဗုံးတစ်လုံးဖြစ်ခဲ့မယ်ဆိုရင် တစ်နေ့တည်းမှာပဲ အကြိမ်တစ်သောင်းလောက် ပေါက်ကွဲပစ်လိုက်ချင်တယ်။ အရာရာဟာ ကျွန်တော်ယုံကြည်ထားတာတွေအားလုံးရဲ့ ဆန့်ကျင့်ဘက်ဖြစ်နေကြတယ်။ ကျွန်တော်ဖြူစင်တယ်လို့ ယူဆထားတဲ့ စေတနာတွေအတွက် ပြန်ရလာတဲ့ အရာတွေကတော့ ထူးဆန်းစွာပဲ နာကျင်မှုတွေချည်းဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ အဝေးတစ်နေရာက ကျွန်တော့်အဖေ ဆုံးတယ်။ ချစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က အေးဆေးစွာပဲ ကျောခိုင်းသွားတယ်။ ငွေကြေးဆိုတာက လွဲပြီး အားလုံးဗလာနတ္ထိဖြစ်နေတဲ့ နေရာမှ ကျွန်တော် စိတ်ချဉ်ဖောက်ချင်တိုင်း ဖောက်ခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် ခွက်စောင်းခေါက် လုယက်စားသောက်နေတဲ့လူတွေ၊ တစ်ကျပ်ပေးပြီး တစ်ရာလိုချင်တဲ့လူတွေ၊ အားလုံးအတွက်ဆိုပြီး ထိုသူတွေရဲ့ ကျောပေါ်ပဲ နင်းသွားတတ်တဲ့လူတွေ၊ အရှက်မရှိတဲ့လူတွေ၊ နေရာဆိုတဲ့ အရာအတွက်ဆို ဘာဆိုဘာကိုမှ လုပ်ဝံ့တဲ့လူတွေ၊ လူယဉ်ကျေးတွေ လိုက်နာနေတဲ့ သိတတ်မှု စည်းကမ်းတွေကို မသိကျေးကျွန်ပြုပြီး ညင်ညင်သာသာ ကျောကို ဓါးနဲ့ထိုးတဲ့လူတွေ.. ဒီလိုနဲ့ လူတွေရဲ့မျက်လုံးတွေကိုကြည့်ပြီး ကျွန်တော် လောကကြီးကို စိတ်နာဖူးခဲ့တယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ငါ့ကိုယ်ငါချည်းပဲ ထုဆစ်နေရမှာလား သူတို့ကရော ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ မထုဆစ်ကြတော့ဘူးလား။ ငါကောင်းတိုင်းသူတို့ မကောင်းနိုင်ကြဘူး၊ ငါဆိုးရင် သူတို့ ပြန်ဆိုးမှာသေချာတယ်။ ပတ်ဝန်းကျင်ဆိုတဲ့နင့်ကို၊ လောကဆိုတဲ့နင့်ကို ငါ.. ဘာကောင်းကျိုးမှ ငါ.. မပေးတော့ဘူး။ ငါ့ကို မျက်ရည်ပေးတဲ့ နင့်ကို မျက်ရည်သာ ပေးမယ်လို့ မသိစိတ်က တဖြည်းဖြည်းလက်ခံလာခဲ့တယ်။ အဲဒီအချိန်မှာ ဆရာမြသန်းတင့်ရေးတဲ့ လေလွင့်သူ ဟာ ကျွန်တော်ရဲ့ ရင်ဖွင့်ရာ၊ မှီတွယ်ရာ၊ ခိုနားရာ၊ ကျွန်တော့်ကိုနားလည်ပေးသော တစ်ခုတည်းအရာဖြစ်ခဲ့တယ်။ လောကရဲ့ ဘာဆိုဘာကိုမှ အကောင်းမမြင်တော့ဘူး။ ရန်သူလို့သာ ပိုပိုလိုလိုသတ်မှတ်ထားလိုက်တယ်။ လောကမှာ ကျွန်တော် ယုံကြည်ရမဲ့ သူမရှိတော့ဘူး။ အားလုံးဟာ ကျွန်တော့် ရန်သူတွေသာ ဖြစ်တယ်။ ဘင်လာဒင် WTC ကို ဘာလို့ လေယာဉ်နဲ့ ၀င်တိုက်ခဲ့သလဲဆိုတာကို နားလည်လာတယ်။ လူအများသောက်ရေကန်ထဲတောင် အဆိပ်ခတ်ချင်တဲ့စိတ်မျိုး ပေါက်ခဲ့ဖူးတယ်။ ဘ၀ဆိုတာတွေ၊ အချစ်ဆိုတာတွေ၊ ရည်မှန်းချက်ဆိုတာတွေကို အရက်နဲ့ ရောမွှေပစ်ပြီး မှုန်ဝါးဝါးဖြစ်သွားအောင် လုပ်ပစ်ခဲ့တယ်။ အရက်တွေ သောက်ရင်း၊ သုခမိန်လှိုင်ရဲ့ ဂျင်ပစီမိုးတိမ်၊ မောင်မောင်ဇော်လတ်ရဲ့ ညီးငွေ့ခြင်းနေ့စွဲများ၊ မြင့်မိုးအောင်ရဲ့ စိတ္တှဇကား တို့ကိုဆိုရင်း တစ်ယောက်တည်း အခန်းထောင့်တစ်နေရာမှာ အလုပ်ဆင်းချက်၊ မဆင်းချက်နဲ့ သိမ်သိမ်မွေ့မွေ့ အထီးကျန်ပစ်ခဲ့တယ်။


အဲဒီအချိန်မှာ ခံစားမှုတွေအားလုံးကို ပြေပျောက်အောင်လုပ်ပေးနိုင်မဲ့ဟာကတော့ စာအုပ်တစ်အုပ်သာလျှင်ဖြစ်တယ်လို့ ပြောရင် အားလုံး တစ်ယောက်မှ ယုံကြည်ကြမယ်မထင်ဘူး။ တစ်ကယ်တော့ အမှန်တကယ်ဟုတ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ချဉ်ဖောက်နေတာတွေ၊ အသဲကွဲမှုတွေ၊ ၀မ်းနည်းမှုတွေ၊ သေချင်နေမှုတွေကို ဦးအေးမောင်က လူတစ်ယောက်ရဲ့ခွန်အားနဲ့ ကယ်တင်ခဲ့ပါတယ်။ အားလုံးကို မကောင်းမြင်နေတဲ့ ကျွန်တော်အတွက် ဒုက္ခသစ္စာကို ကောင်းကောင်းကိုမြင်သွားခဲ့တယ်။ မိမိစိတ်ရဲ့ မကောင်း အမြင်တွေဟာ မိမိရဲ့ အတောမသတ်နိုင်တဲ့ လိုအင်တွေကြောင့်ဆိုတာကို ပီပီပြင်ပြင်ကိုပဲ နားလည်လာခဲ့ရတယ်။ မိမိလိုချင်တာတွေတာဟာ အစွဲအလမ်းတွေကနေ တဏှာတွေ အဖြစ်တောင် ဖြစ်နေပါတော့လားဆိုတာ စိတ်မကောင်းစရာ သိလိုက်ရတယ်။ ကျွန်တော်ရဲ့ မသိမှုတွေအကြောင်းကို ပါဠိဘာသာစကားတွေ ကင်းကင်းသိလိုက်ရတယ်။ အရင်က ကိုယ့်ပေတံနဲ့ တိုင်းချင်တိုင်းတိုင်းခဲ့တဲ့ ဖြူစင်မှုဆိုတာတွေကို ဗြဟ္မာစိုရ်တရားနဲ့ ညှိနိုင်ခဲ့တယ်။ သီလတရားဆိုတာ ရှောင်ကျဉ်မှုသာမဟုတ်ဘူး၊ ပြုလုပ်ရမဲ့ သီလလည်းရှိတယ်။ အူမတောင့်မှ သီလစောင့်နိုင်တာမဟုတ်ဘူး။ မှန်ကန်တဲ့ သီလဟာ ကြမ်းလွန်းလှတဲ့ အခက်အခဲတွေကြားက တိုးထွက်လာတဲ့ အစမ်းသပ်ခံသီလဖြစ်တယ်။ ရှင်းသန့်တဲ့ မိမိကောင်းမှုဟာ မိမိတန်းဖိုးမဖြတ်နိုင်တဲ့ မိမိရဲ့စိတ်ဓာတ်ခွန်အား ဖြစ်တယ်။ ကျွန်တော်သိလိုက်ရပါတယ်၊ ကျွန်တော်ကိုယ်ကျွန်တော် လိမ်ညာနေမှုတွေများနေလို့ လောကကြီးက ကျွန်တော့်ကို မျက်လှည့်ပြနေတယ်ဆိုကို ကောင်းကောင်းနားလည်လိုက်ပါတယ်။ ဒီညက ကျွန်တော့်ကို ဗုဒ္ဓက အိပ်မက်ပေးပါတယ်။ သူ စကားတစ်ခွန်းပဲပြောခဲ့တယ်။ "နင် 'ဒုက္ခ ဒုက္ခ' ကို အရွဲ့တိုက်ရင် နင်'သင်္ခါရ ဒုက္ခ'ကို မြင်ရမှာ မဟုတ်ဘူး" တဲ့။

အဲဒီနောက်ပိုင်း ကျွန်တော့်မှာ အလွှာတွေ တော်တော်များများကို ခွာချပစ်နိုင်ခဲ့တယ်။ ကျွန်တော်အရင့်အရင်ကထက် အများကြီး လွတ်လပ်သွားခဲ့တယ်။ မိမိရဲ့လိုအင်တွေမှာ တတ်နိုင်သမျှ တဏှာတွေ ကပ်မနေအောင်ကြိုးစားခဲ့တယ်။ ရည်မှန်းချက်နဲ့ ကျွန်တော့်ရဲ့ဘ၀ဒသန တစ်သားတည်းကျအောင် ကြိုးစားနေမိတယ်။ ဆုံရှုံးမှုတွေ၊ လူပါးဝအကျ ခံရမှုတွေကိုလည်း တွေးတော ငိုကျွေးမနေတော့ဘူး။ မှတ်တမ်းတင်မနေဖြစ်တော့ဘူး။ အားလုံးဟာ ဒီနေရာမှာပဲ ပြီးဆုံးသွားခဲ့တယ်။ ခံစားမှုတစ်ချို့ကို ဒီလိုနည်းနဲ့ဖြေဖျောက်ပစ်ခဲ့တယ်။

ဒီနေ့တော့ ကျွန်တော်မေ့ပျောက်ထားတဲ့ အနာဂတ်ဆိုတာ စိတ်ကူးထဲပြန်ပေါ်လာခဲ့ပါပြီ။ ရည်မှန်းချက်တော်တော်များများကိုလည်း ပြန်လည်တွေ့ရှိလိုက်ပါပြီ။ နွေတစ်ချို့က လွတ်မြောက်ခဲ့ပေမဲ့ လူဆိုတဲ့ နိယာမအတိုင်း လောကကို ရုန်းကန်မှုနဲ့တော့ ဆက်ရင်ဆိုင်ရပါဦးမယ်။ နွေတွေလည်း ဆက်လာနိုင်ပါသေးတယ်။ အရင်ကထက် ကြမ်းမလား။ အရင်ကထက် ပိုသွေးပျက်သွားစေနိုင်လား။ အရင်ကထက် ရှည်ကြာမှာလား။ ရောက်လာရင်တော့ ကျွန်တော်သိရပါလိမ့်မယ်။ ထူးထူးကဲကဲတော့ ကျွန်တော် ကြောက်ရွံ့နေမိမယ်တော့မထင်ပါဘူး။ လောကကြီးကို စိန်ခေါ်တယ်လို့တော့ မထင်လိုက်ပါနဲ့၊ ကျွန်တော်မှာလည်း ကျွန်တော့်အကြောက်တရားနဲ့ ကျွန်တော်ရှိနေဆဲပါ။ ရင့်ကျက်သွားတာလား၊ တင်းမာလာတာလား၊ ပျော့ပြောင်းသွားတာလား ရေရေရာရာမသိပေမဲ့ ဆုံးခန်းတိုင်အောင်တော့ တိုက်မှာပါ။ ၀ါသနာနဲ့ ရည်မှန်းချက် ထပ်တူမကျပေမဲ့ နီးစပ်တာမျိုးကို ရှာဖွေသွားဖို့တော့ အသင့်ဖြစ်နေခဲ့ပါပြီ။ လူတွေကို နားမလည်နိုင်ရင်တောင်မှ နားလည်ဖို့တော့ ကျွန်တော်ကြိုးစားတတ်ခဲ့ပါပြီ။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဧကန်သဘောတရားထက် ဖြစ်နိုင်အောင် လဲကျရာက အမြန်ပြန်ထပြီး ကြိုးစားရမယ်ဆိုတဲ့ အနေကန်သဘောတရားမျိုးကို တွေ့ရှိလိုက်ပါပြီ။ ရွှေရောင်အိမ်မက်တွေကိုပဲ ဦးတည်မနေတော့ဘဲ ရွှေရောင်အိမ်မက်တွေရဲ့ အကြောင်းတရားတွေကို နားလည်ဖို့ ကြိုးစားရပါလိမ့်မယ်။       ။


ဒီပို့လေးကို ကျွန်တော့် တစ်ယောက်တည်းရဲ့ခံစားမှုမျှသာမဟုတ်ပဲ မလေးရှားမှာ အလုပ်လုပ်နေကြရသော မြန်မာ အလုပ်သမားတွေ အားလုံးအား ရည်ရွယ်ရေးသားပါတယ်..
 ......................................................................

ဘလော့ထောင်ထားတာ မလွယ်ပါလားဗျ :D စာရေးမယ်လို့ သွန်နေတာ ကြာပါပြီ.. ကြာပါပြီဆိုတာထက် ကိုယ်ရေးလိုက်တဲ့ အကြာင်းအရာတစ်ခုက သူများတစ်ဦးတစ်ယောက်ကို ထိခိုက်သွားတာမျိုး စိုးရိမ်လို့ပါ.. နောက် မတူတဲ့ အယူအဆတွေကို အညှင်းပွားရမှာ သိပ်မစိုးရိမ်မိပေမဲ့ ညှင်းခုံနေရမှာ အချိန်ကုန်မှာစိုးလို့ပါ.. ရေးမယ်ကြံတော့လည်း ရေးစရာတွေက အများကြီးရယ်.. မလေးရှားမှာ ဒုက္ခရောက်နေကြရတဲ့ ကိုယ့်လူမျိုးတွေအကြောင်း၊ ကိုယ်နှစ်သက်တဲ့ အယူအဆလေးတွေအကြောင်း၊ ကိုယ်ဖြတ်သန်းခဲ့ရတဲ့၊ ရင်းနှီးခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေအကြောင်းတွေကိုရေးချင်တယ်.. ကျွန်တော်ထင်တာ တကယ်တော့ ဒီလိုဟာတွေက ကိုမြစ်တို့ ကိုဏီးတို့လို ရသအရေးစွမ်းပိုင်နိုင်တဲ့သူတွေရေးနိုင်အောင် အပြင်မှာ တွေ့တော့မှ ကိုယ့်ဖြစ်ခဲ့တာတွေကို တစ်နေ့တစ်ည မမောနိုင်မပန်းနိုင်ပြောရင်း ရင်ဖွင့်ပြီး ကိုမြစ်၊ ကိုဏီးတို့ ရေးပါစေ :P
ကဗျာတို့လည်းရေးချင်တယ်.. ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က ကဗျာအကြောင်းနကန်းတစ်လုံးနီးပါးတောင်မသိတော့ ကြုံမှပဲ ကဗျာအရေးသားကောင်းတဲ့ ကိုညတို့ မအင်ကြင်းတို့ကို ပြောပြလိုက်တော့မယ်.. သူတို့ရေးရင် စာဖတ်သူတွေဆီ ကျွန်တော်ရေးတာထက်ပိုရောက်လိမ့်မယ်.. :D မသဒ္ဓါလှိုင်းလိုလည်း ဝေ့ဝေ့၀ဲဝဲ အရေးသားတွေနဲ့ အတွေးလေးတွေ ကျန်ခဲ့အောင်ရေးနိုင်ရင်လည်းဖြစ်တာပဲ.. ဆိုးတာက ဒီလိုမရေးတတ်လို့ ခုလိုမျိုးတွေပဲရေးနေရတာပါ.. အိမ်လေးကို စာမရေးခင်စပ်ကြား အလည်လာတဲ့ မချော၊ မခင်ဦးမေတို့ အပါအ၀င် တိတ်တဆိတ်လာပြီး တိတ်တဆိတ်ပြန်ထွက်သွားကြသူများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ဗျာ.. ဒီလိုခံစားမှုလေးတွေကပဲ ဘလော့ရေးရတဲ့ ခံစားမှုလေးတွေ ဖြစ်မှာပါ.. စာဖတ်သွားသူအားလုံး ပျော်ရွှင်နိုင်ပါစေဗျာ......

12 comments:

Ingjin said...

သော်ဇင်....စာမရေးတာ တော်တော်ကြာသွားပေမယ့် ရေးမယ့်ရေးလိုက်တော့ ဒီလိုပိုစ့်ကောင်းလေးတစ်ပုဒ်ကိုရေးနိုင်တဲ့အတွက် ၀မ်းသာမိတယ်။

အစ်မအနေနဲ့ယုံကြည်ထားတာတစ်ခုရှိတယ် စာအုပ်စာပေတွေကို ချစ်ခင်မြတ်နိုးနှစ်သက်တတ်သူ၊ စာဖတ်ဝါသနာပါသူတွေဟာ အဲဒီစာအုပ်တွေက ပေးတဲ့ အသိ၊ သတ္တိ၊ စိတ်ဓါတ်ခွန်အားတွေနဲ့ ကိုယ့်ဘ၀ကိုကိုယ် ဖြောင့်မတ်မှန်ကန်စွာတည်ဆောက်သွားနိုင်ကြမယ်ဆိုတာပါပဲ။ အခုသော်ဇင်လည်း လက်တွေ့ပဲမဟုတ်လား။

ဘ၀ဆိုတာ ဒီလိုပါပဲ....။ အချိန်တွေရွေ့လျားလာတာနဲ့အမျှ ကိုယ့်ရဲ့ဆန္ဒတွေ၊ ရည်မှန်းချက်တွေကလည်း အခြေအနေအရပ်ရပ်တွေကြောင့် ပြောင်းလဲသွားတတ်ကြရပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ဆိုးတဲ့ပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ ကောင်းတဲ့ပြောင်းလဲခြင်းမျိုးနဲ့ ပြောင်းလဲနိုင်အောင် အသိ၊ သတိလေးနဲ့တော့ မပြတ်ဆင်ခြင်နေရမှာပေါ့လေ....။

နောက်တစ်ခုက ကဗျာတွေ၊ စာတွေရေးတယ်ဆိုတာ တော်တဲ့သူတွေရေးမှ လူတွေရင်ထဲပိုရောက်တယ်ဆိုတာ မှန်ကောင်းမှန်နိုင်ပေမယ့် အစ်မကတော့ သိပ်လက်မခံချင်ဘူး။ ဘယ်လိုလူမျိုးပဲရေးရေး စာဖတ်သူအပေါ်မှာပဲ မူတည်တယ်လို့ထင်တယ်။ ယူတတ်တဲ့သူ မြင်တတ်တဲ့သူက ရသွားမှာပါပဲ။
အဲဒီတော့ အစ်မပြောချင်တာက ရေးပါ....။ အခုလိုမျိုး ကိုယ့်ဘ၀ဖြတ်သန်းမှုတွေထဲက အတွေ့အကြုံတွေအကြောင်း၊ လူတွေအကြောင်း စသည်ဖြင့်ပေါ့...ဘယ်လိုပုံစံမျိုးနဲ့မဆိုရေးစေချင်ပါတယ်။ ကိုယ်ရေးတဲ့စာမှာ စေတနာပါဖို့ပဲလိုတယ်။ စာဖတ်တာများတဲ့သူတွေကတော့ စေတနာပါတဲ့စာနဲ့ စေတနာမပါတဲ့စာ ခွဲခြားပြီးသိတယ်။ ကိုယ်က အဲဒီလိုချရေးပြမှ၊ မျှဝေပေးမှ လူတွေက သိနိုင်မှာလေ....။ ကိုယ့်ကြောင့် လူတစ်ယောက် မကြီးပွားမချမ်းသာသွားရင်နေပါစေ....။ ကောင်းမွန်တဲ့ အသိလေးတစ်ခု၊ အတွေးစလေးတစ်စရသွားတယ်ဆိုရင်ကိုပဲ အင်မတန်ကျေနပ်စရာကောင်းနေပါပြီ။

အဲဒီတော့ အစ်မအနေနဲ့ထပ်တိုက်တွန်းချင်တာက အရင်ကလိုပဲစာတွေလည်း ဆက်ဖတ်ပါ....ပြီးတော့ ခုလိုမျိုးပဲ ဆက်ပြီးတော့လည်း မျှဝေပေးပါလို့....။

ခင်မင်စွာဖြင့်
မအင်ကြင်း

သော်ဇင်စိုး said...

ခုလို comment အရှည်ကြီးရေးပြီး ကျွန်တော်မသိသေးတာတွေ ပြောပြသွားတဲ့ အတွက် ကျေဇူးအများကြီးတင်ပါတယ်.. မအင်ကြင်းရေ...
ပျော်ရွှင်ပါစေဗျာ....... :))

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျောက်နေတာ ၃လတိတိ ရှိသွားတယ်...
ပေါ်လာတော့လည်း ပိုစ့်အရှည်ကြီးနဲ့ ..
ဘာဘဲဖြစ်ဖြစ် စာတွေ ဆက်ရေးစေချင်ပါတယ်..
လူတိုင်းဟာ သူ့အရေးအသားနဲ့သူ ကောင်းကြသူတွေချည်းပါဘဲ။ တစ်ယောက်တစ်မျိုးသော အရည်အချင်းတွေနဲ့ စာဖတ်သူတွေကို ပေးချင်တာ မျှဝေချင်တာလေးတွေ ပေးနေကြတယ်လို့ ယုံကြည်ပါတယ်... အင်ကြင်းပြောသလို ကိုယ်ရေးတဲ့စာတွေမှာ စေတနာလေး ပါမယ်ဆိုရင် ဘယ်လိုအရေးအသား ဘယ်လိုကဗျာလေးဘဲဖြစ်စေ
စာဖတ်သူရင်ထဲကို ရောက်သွားမှာပါ။
လူတိုင်းမှာ မတူညီတဲ့ဘ၀တွေ အတွေ့အကြုံတွေရှိကြတာမို့ ဒီမတူညီတဲ့ အတွေ့အကြုံတွေကိုဘဲ အခြားသူတွေကို ပြန်မျှဝေကောင်းပါတယ်နော်။
စာများများရေးစေချင်ပါတယ်..

~ဏီလင်းညို~ said...

သော်ဇင်ရေ့.......

အားလုံး သူ့သဘောသူဆောင်နေကြတယ်လို့ ကိုဏီးကတော့ တွေးမိတယ်လေ......။
အဲ့ဒီတော့ နည်းနည်း စိတ်ဖြေသာမိရတယ်........း))
စာရေးတာလည်း မချောတို့ပြောသွားသလိုပဲလေဗျာ.....။ ဘယ်သူရေးမှ ဘယ်ဝှါရေးမှရယ်ဟုတ်ဘူးဗျ....။ ရိုးသားစွာရေးတဲ့ စာတိုင်းဟာ ဖတ်လို့ကောင်းနေမှာပဲလေ......။
(နောက်တစ်ခါ အဲ့ဒီလိုမပြောနှင့်တော့........း))
စာဖတ်တာတော့ ကိုဏီးလည်း......ဟမ်းးးးးး မပြောချင်တော့ဘူး.....။
မျက်မှန်သာ တစ်နှစ်ထက် တစ်နှစ်ပိုပိုထူလာတာသာကြည့်တော့ဗျ.........:P
ဒီလိုစာမျိုးလေးတွေ ဖတ်ရလို့ ကျေးဇူးဗျာ.......။

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

သဒ္ဓါလှိုင်း said...

သော်ဇင်ရေ...
မဖတ်ရတာကြာတဲ့ လက်ရာလေးမို့အထပ်ထပ်ဖတ်မိပါတယ်.။
ရင်ထဲကထွက်ကျလာတဲ့ခံစားချက်လေးတွေ၊ တွေ့ကြုံနေရတဲ့
အတွေ့အကြုံလေးတွေ၊ ယုံကြည်ချက်လေးတွေကိုမျှဝေပေးဖို့
မျှော်လင့်မိပါတယ်..။ ဘ၀ကြီးရဲ့စိန်ခေါ်မှုတွေကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတဲ့ စိတ်ခွန်အားတွေ၊ လဲကျခဲ့ရင်လည်း
ပြန်လို့ထူထတည့်မတ်နေနိုင်ရမယ်ဆိုတဲ့ ကြံ့ခိုင်တဲ့စိတ်ဓါတ်တွေ၊
ရွှေရောင်အိပ်မက်တွေ.....ကိုရင်ထဲမှာပျိုးပြီး ကြီးထွားသန်မာတဲ့
စိတ်ဓါတ်အားတွေနဲ့ ဖြစ်ပေါ်လာမယ့် ပိုးမွှားအန္တရယ်တွေနဲ့ ရာသီဒဏ်တွေကို တိုက်ထုတ်နိုင်ပြီး လှပသန့်စင်တန်ဖိုးရှိမယ့်ဘ၀လေးတခုကိုပုံဖေါ်နိုင်ပါစေ..။
ခင်မင်စွာ
အမသဒ္ဓါ

မြစ်ကျိုးအင်း said...

အပေါ်စာပိုဒ်တွေဖတ်ရင်းနဲ့ တူတာတွေကို တွေ့မိလို့ ကိုယ်ချင်းစာမိတယ်။
စေတနာကို ရှေ့တန်းတင်ရဲ့နဲ့ ပြန်ရလာတဲ့ ရလဒ်တွေက ခါးသီးဖူးတယ်။
လောကကို စိတ်ပျက်ခဲ့တယ်။ လူတွေနဲ့ ဆက်ဆံချင်စိတ် လျော့သွားခဲ့တယ်။
ကိုယ်ညှိနှိုင်းပေးလိုက်တဲ့ သူနှစ်ယောက်က ပြန်တည့်သွားပြီး ကိုယ့်ကိုရန်သူလို စိတ်ထားတာမျိုးတွေပါ ကြုံခဲ့ဖူးတယ်။ စိတ်ဓါတ်ကျပြီး နောက်တော့ ကိုယ့်ဘာသာ အထီးကျန်သလို ဖြစ်လာတယ်။
အဲဒီလို နေ့တွေ ညတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးတဲ့ နောက်မှ အကောင်းဆုံး အဖော်တခု ရလာခဲ့တယ်။
အဲဒါက ကိုယ့်ရဲ့စိတ်ဝိညာဉ်ပါပဲ။ လူတွေ အကောင်းထင်ထင် အဆိုးထင်ထင် လိပ်ပြာလုံမယ့် အလုပ်တွေပဲ လုပ်ဖို့ အားထုတ်တော့တယ်။
ပြန်ရလာတဲ့ တုန့်ပြန်မှုထက် ကိုယ့်လုပ်လိုက်တဲ့ လုပ်ရပ်ရဲ့ လိပ်ပြာသန့်မသန့် ဆိုတာနဲ့ပဲ အဖော်ပြုပြီး နေထိုင်လိုက်တော့တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မှန်အောင်သာ နေရင် အချိန်တခု ကျော်လွန်ပြီးတဲ့အခါ ချိုမြိန်ဖွယ်တွေ ပြန်ရလာမယ်။ ကိုယ်တွေ့ပါ။

Candy said...

sar ma yay tar kyar p naw... yay ma` yay tot lal so meaningful par lar... a hman tway kyi pa`.. ta kal lay sar par tal ko thaw zin.. ( burglish na` comment ma pay chin pay ma`.. post lay ko like loon lot pay ka` tal naw.. as u know i can't type in burmese b'cos of my laptop.. so i can't write any posts) anyway... really nice post par ... ^_^

လသာည said...

အဲလိုမျိုး မကြာမကြာခံစားဖူးတယ်..။
သော်ဇင်က စာရေးကောင်းတာပဲ..။ ပထမဆုံးလာဖတ်ဖူးတာပေမယ့် ဖတ်ရတာ ခံစားချက်ကို ရှင်းနေအောင်မြင်သွားတယ်။ ဆက်ရေးပါ.. အားပေးလျက်

သော်ဇင်စိုး said...

Comment များရေးပေးသွားကြသော မအင်ကြင်း၊ မချော၊ ကိုဏီ၊ မသဒ္ဓါ၊ ကိုမြစ်၊ မcady၊ မလသာည အားလုံးပဲ.. ပျော်ရွှင်ကြပါစေ ခင်ဗျား..

မြတ်မွန် said...

သော်ဇင်ရေ..
ရောက်ရာဘဝမှာ ပျော်အောင်နေပါ..။
စာတွေ ဖတ်ပြီးရလာတဲ့ အသိညာဏ်က အကောင်းဆုံးပဲပေါ့။
စိတ်ညစ်တဲ့အခါ စိတ်ဓာတ်ကျတဲ့ အခါ စာတွေသာ များများ ဖတ်ပါ သော်ဇင်..။
အခက်အခဲဆိုတာ အကြာကြီး ရှိမနေတက်ပါဘူး။
ဇွဲရှိဖို့တော့ လိုတယ်နော် သော်ဇင်။
ကျားယို..။

ကိုရီး{ကိုကြီး} said...

ညီရေ

အထက်က မောင်နှမတွေ ပြောသွားတာ အတော်ပြည့်စုံနေပါပြီ
ဒီပိုစ့်လေးဖတ်ပြီး မှတ်ချက်ချမိတာက စာရေးသူမှာ ခံစားချက် ရည်ရွယ်ချက် အတွေ့အကြုံတွေ
အတော်အသင့် ကျင့်သားဖြစ်နေခဲ့ပြီမလား။ ဒါတွေက ရှေ့ဆက်မယ့်ခရီးအတွက် အားအင်တွေ
ဖြစ်စေမှာ အမှန်ပါပဲ။ ချမ်းမြေ့ပါစေ ညီ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

Unknown said...

ကိုသော်ဇင်... ရေးမယ့်ရေးတော့လဲ အရှည်ကြီးပဲ.. :D ဖတ်ရတာမောတာ ရေတစ်ခွက်လောက် တိုက်ပါဦး.. ဟီးဟီး.. သူများဘလောဂ့်မှာ ပျောက်တယ် ပျောက်တယ် လာအော်ပြီး သူလဲ ပျောက်နေတာပဲ ကို... စာဖတ်တာ စာရေးတာတော့ အားမလျှော့ပါနဲ့.. ခုမအားလဲ အားတဲ့ အချိန်ရေးပေါ့...း)

Post a Comment

GO UP