January 10, 2010

စာစု(၃) သေဆုံးခြင်း

ကျုပ်ကိုယ်ကျုပ်လည်း သနားတယ်။ နလန်မထူနိုင်တော့မယ့် အချစ်တွေကိုလည်း သနားတယ်။
လုံးဝမရှိတော့တဲ့ ကျုပ်ပိုင်ဆိုင်ခဲ့တဲ့ မာနကိုလည်းသနားတယ်။
ကျုပ်နဲ့ တပြောင်းတပြန်ဖြစ်နေတဲ့ လောကနိယာမတရားတွေကိုလည်း သနားတယ်။
ကောင်းကင်ဘုံမှာလည်း မနေချင်ဘူး ..ငရဲဆီကိုလည်း မရောက်ချင်ဘူး။ အတွေးတွေနဲ့ ဘဲ
မိုးကုတ်စက်ဝိုင်းတလျှောက် ခရီးထွက်ချင်တယ်။

ထာဝရမီးတွေနဲ့ ထာဝရ ကြွေနေတော့မဲ့ သစ်ရွက်တွေရဲ့အောက် ကျုပ်အတွက်မြေတစ်ပုံပဲ
ပုံပေးပါ။ ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့ဝေါဟာရနှစ်ခုကြားက ကျုပ်အဖြေရှာကြည့်ဖူးတဲ့ တစ်စုံတစ်ရာ
ပေါင်းများစွာကို ဒီကနေ့ ပဲမေ့ပစ်လိုက်ပါ့မယ်။

ဒိတ်ခနဲ...ပျောက်သွားတဲ့ ပရမတ္ထတရားတစ်ခု မဟုတ်သလို သံသရာဆီကိုကျုပ်ထွက်သွားတယ်
လို့ လည်းမထင်နဲ့ ...။ဖြစ်နိုင်မယ်ဆိုရင်တော့ ရုပ်တွေနာမ်တွေ မရှိဘဲပဲဖြစ်ဖြစ် ရုပ်တွေနာမ်တွေ
ရှိလျှက်နဲ့ ပဲဖြစ်ဖြစ် Thomas More ရဲ့ Utopiaမှာပဲနေချင်တယ်။ မဖြစ်နိုင်ရင်လည်း အ,ဘာဝပေါ့ ။
အမှောင်ကလာပြီး အမှောင်ကိုသွားမဲ့လူပေါ့..။ လာရာကိုမသိ လားရာကိုမသိနဲ့  ဘ၀ထဲမှာ
အစွဲအလန်းကြီးခဲ့တဲ့ အချစ်တွေတော့ တစ်စုံတစ်ယောက်ဆီမှာ မြောက်များစွာထင်ကျန်ခဲ့ချင်
ထင်ကျန်ခဲ့လိမ့်မယ်။ ဥပါဒါန်ရဲ့ အရိပ်အောက်မှာ အချစ်ရှိတာ သေချာရင်တော့တမင်တကာ
လုပ်ယူထားတာပဲဖြစ်မှာ....။ နွေဦးပြီးတော့..ဆောင်းဦးလာလိမ့်မယ်..။လောင်စရာရှိတာ
တွေလောင်ပြီး ပြာဖြစ်စရာရှိတာတွေ ပြာဖြစ်သွားလိမ့်မယ်။

မဂ္ဂကို ရေထဲဆင်းရှာတဲ့ ငှက်တစ်ကောင်လိုပဲ
ထိုနေ့ က ငါ..သေ..ခဲ့...တယ်...။

0 comments:

Post a Comment

GO UP