May 20, 2010

အသိတရားဆိုတာ

လူတွေဟာ အမိဝမ်းထဲက မွေးဖွားလာခဲ့ပြီး လူရယ်လို့အရွယ်ရောက်လာတာနဲ့ တာဝန်တွေနဲ့ ရုန်းကန်ရတာ လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ တစ်ချို့ဆို ဘ၀ပေးအခြေအနေ မကောင်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အရွယ်နဲ့မမျှတဲ့ အလုပ်တွေလုပ်ပြီး ရုန်းကန်လှုပ်ရှားနေကြရတဲ့ သူတွေလည်းရှိပါတယ်။ မိမိအတွက်၊ မိမိ မိသားစုအတွက်၊ မိမိမြို့ရွာအတွက်၊ မိမိတိုင်းပြည်အတွက်၊ မိမိနေထိုင်တဲ့ကမ္ဘာအတွက် အစစရှိပါလိမ့်မယ်။ ထိုတာဝန်တွေထဲက တစ်ချို့ဟာ ထင်သာမြင်သာတဲ့ တာဝန်တွေဖြစ်ပြီး တစ်ချို့ကတော့ ထင်သာမြင်သာမရှိပဲ မိမိဘာသာ သိတတ်နားလည်ရမဲ့ တာဝန်တွေဖြစ်ပါတယ်။ ထိုမိမိဘာသာသိတတ်နားလည်ရမဲ့ တာဝန်တွေဟာ မိမိပညာ (အမှား၊ အမှန် အကောင်း၊ အဆိုး တို့ရဲ့ အကြောင်းအကျိုး)ကို ပိုမိုသိလာတာနဲ့အမျှ ထိုတာဝန်တွေဟာ ပိုမိုများပြားပြီးရင်း များပြားလာလိမ့်မယ်လို့လည်း ယူဆရပါတယ်။ ထိုအဖြစ်အပျက်တွေထဲမှာ နည်းနည်းသိပြီး နည်းနည်းလုပ်သူ၊ များများသိပြီး နည်းနည်းတောင်မလုပ်သူ၊ သိလည်းမသိ လုပ်လည်းမလုပ်သူ၊ တစ်ချို့ဆို သိရဲ့သားနဲ့ သူများရဲ့သိတတ်မှုကို နင်းခြေရင်း တစ်ကိုယ်ကောင်းဆန်သွားသူ စသဖြင့် အမျိုးအမျိုးရှိပါလိမ့်မယ်။ ထိုလူအမျိုးမျိုး စိတ်အထွေထွေဟာ လောကထဲ တွေဆုံဆက်ဆံမိကြပြီး အချစ်၊ အမုန်း၊ ယုံကြည်မှု၊ သံသယ၊ ပူပေါင်းမှု၊ အာဃတ စသည်တို့ကို ဖန်တီးယူကြပြီး လူဆိုး၊ လူကောင်း စသဖြင့် တစ်ချို့က ထင်ထင်ပေါ်ပေါ် တစ်ချို့က မထင်မပေါ် မိမိရဲ့ကိုယ်ပိုင် သမိုင်းစာမျက်နှာတွေမှာ ရေးမှတ်ပြီး သေးဆုံးသွားကြပါတယ်။

ဗုဒ္ဓဟာ ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ (သမုဒယ) တို့ကိုအခြေခံပြီး ဆင်းရဲမှု (ဒုက္ခ) ဖြစ်လာပုံများကို သာဓကများနဲ့ ပြသခဲ့ပြီး (မဂ္ဂ) ဖြင့် ကိလေသာများငြိမ်းအေးရာ (နိရောဓ)ကို ညွှန်ပြ ဟောကြားခဲ့ပါတယ်။ ခေါမပညာရှင် Aristotle ဟာ "ပညာရှိသည် ချမ်းသာကိုမရှာ ဆင်းရဲဒုက္ခမှ ကင်းလွတ်မှုကိုသာ ရှာသည်။"ဟု ဆိုမိန့်ဖူးတာ ကြားဖူးပါလိမ့်မယ်။ အမှန်တော့လည်း လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ပြည့်စုံတဲ့ လူတွေနေတဲ့လောကဟာ ချမ်းသာဖွယ်ရာ စိုးစေ့မှမရှိတဲ့ ဒုက္ခဘုံကြီးပါပဲ။ လူတွေအားလုံးဟာ မိမိတို့ရဲ့ မပြည့်ဝနိုင်တဲ့ အလိုဆန္ဒတွေအတွက် အတ္တတွေကို အစာကြွေးရင်း တခြားသူတို့ရဲ့အတ္တတွေနဲ့ တွန်းတိုက်မိကြပါတယ်။ စိတ်ဓာတ်စရိုက်၊ ရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်မတူတဲ့သူတွေဟာ လူသားတွေများပြားလာအောင် ဖန်တီးနိုင်စွန်းမရှိသေးလို့ အကန့်အသတ်နဲ့သာရှိနေတဲ့ လောကသယံဇာတတွေကို လုယူကြပြီး အမုန်းမီးတွေ တောက်လောင်ကြပါတယ်။ အာဏာရှိသူက အာဏာမရှိသူကို ဖိနှိပ်မှု၊ ဂုဏ်သိက္ခာရှိသူက ဂုဏ်သိက္ခာမရှိသူကို အနိုင်ယူမှု၊ ချမ်းသာသူက ဆင်းရဲသူကို ခိုင်းစေမှု စတဲ့အဖြစ်အပျက်တွေဟာ အချိန်ကြာအသက်ရှည်ခဲ့တော့ အရေထူတဲ့ လောကနိယာမတရားလိုပဲ ဖြစ်လာခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း The Great Alexander ဟာ ရောမလူမျိုးတွေသာ ကမ္ဘာမှာ မြင့်မြတ်တဲ့လူမျိုးလို့ ယူဆပြီး ဥရောပနဲ့ ပါရှားကို ကျူးကျော်သိမ်းပိုက်ခဲ့သလို အလယ်ခေတ်က ငွေကြေးဥစ္စာ ပြည့်စုံတဲ့သူတွေဟာ သူထက်ငွေကြေးဥစ္စာမရှိတဲ့လူတွေကို ကျွန်ပြုခဲ့ပါတယ်။ ယနေ့ခေတ်မှာ လူ့ယဉ်ကျေးမှု၊ အသိပညာတွေ မြင့်မားလာမှုကြောင့် အခုလိုမျိုး အဖြစ်တွေမရှိတော့ပေမဲ့ လူတွေရဲ့ မပြည့်ဝနိုင်တဲ့ အလိုဆန္ဒတွေကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။

ဗြဟ္မာစိုရ်တရားလေးပါးကို ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးပါလိမ့်မယ်။ မေတ္တာ။ ။မေတ္တာကို ပါဠိဘိဓာန်ထဲ မိတ်ဆွေကောင်းစိတ်လို့ ပြန်ဆိုထားပါတယ်။ (Metta = Friendliness, Friendly Feeling, Good Will, Kindness, Love, Charity) သူတစ်ပါးထက် ထက်မြက်သည်ဆိုသော စိတ်ဓာတ်မောက်မာမှု၊ တန်းတူဖြစ်သည်ဆိုသော စိတ်ဓာတ်ထောင်လွှားမှု၊ နိမ့်ကျသည်ဆိုသော စိတ်ဓာတ်ကြုံလှီညံ့ချင်းမှု တို့မရှိသာ အထက်အောက်မရှိသော မိတ်ဆွေကောင်းစိတ်ဓာတ်လို့ ယူဆရပါတယ်။ (ထိုမေတ္တာအား နောက်ပို့တစ်ခုရေးပါဦးမယ်) ဂရုဏာ။ ။ဂရုဏာတရားဟာ ကောင်းတဲ့စိတ်ဆိုပေမဲ့ သတိကြီးစွာထားရမဲ့ တရားတစ်ခုပါပဲ။ မိမိက အနစ်ခံပြီးဖြစ်စေ၊ အနစ်နာမခံပဲဖြစ်စေ ကိုယ်က ဂရုဏာတရားနဲ့ အကူအညီတစ်ခု ပြုလုပ်လိုက်တဲ့ အဖြစ်အပျက်တစ်ခုမှာ ကူုညီသူအနေနဲ့ နောင်တုံ့ပြန်လာမဲ့ အကူညီပေးခံရသူရဲ့ အကူအညီကို မျှော်မှန်းမနေသင့်သလို ကူညီခံသူရဲ့ အတ္တမာနကိုလည်း မထိခိုက်အောင် ကူညီရပါလိမ့်မယ်။ လူတွေဟာ မိမိပေးဖူးတဲ့ အကူအညီတစ်ခုအကြောင်းကို မကြာခဏ ပြောဆိုတတ်သလို နောင်သူမျှော်လင့်တဲ့ တုံ့ပြန်မှုမရရင်လည်း စိတ်ဆင်းရဲပင်ပန်း ခံစားကြရပါတယ်။ နောက် အကူညီခံသူရဲ့ အတ္တမာနကိုထိပါးမိရင်လည်း ခုချိန်မှာ မလွဲမရှောင်သာလို့ အကူအညီယူလိုက်ရပေမဲ့ နောင်တစ်ချိန်မှာ ကျေးဇူးရှင်ကို ပြန်ပြစ်မှားတတ်ကြပါတယ်။ မုဒိတာ။ ။သူများကြီးပွားချမ်းသာမှုကို ကြည့်ပြီး ၀မ်းမြောက်ဝမ်းသာဖြစ်နေတယ်ဆိုတာ လူတွေရဲ့စိတ်သဘာဝမဟုတ်ပါဘူး။ လူတိုင်းဟာ ငယ်စဉ်ကတည်းက မိမိထက်သာတဲ့ ညီအကိုမောင်နှမ (သို့) ကစားဖော်များကို မနာလိုဖြစ်တတ်ကြသလို သေခါနီးလူနာဟာလည်း သူ့ဘေးနားရှိ ကျန်းမာနေတဲ့လူတွေကိုကြည့်ပြီး မနာလိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အကောင်းအဆိုး ဒွန်တွဲနေတဲ့သူတွေကို အမြင့်ဆုံး မုဒိတာမထားနိုင်ရင်တောင်မှ မနာလိုတော့ မဖြစ်အောင်တော့ ဆင်ခြင်သင့်ပါတယ်။ ဥပက္ခာ။ ။ဥပက္ခာတရားဟာ လျစ်လျူရှုမှုမဟုတ်ပါဘူး။ ဗုဒ္ဓဟောတဲ့ ဥပက္ခာတရား လျစ်လျူရှုမှုလို စိတ်မ၀င်စားမှု၊ တာဝန်ရှောင်လွဲမှု၊ ဘာမှမလုပ်ဘဲနေမှု တို့မဟုတ်ဘဲ စိတ်ဝင်းစားမှု၊ တာဝန်ဝတ္တရားဆောင်ရွက်မှု၊ ၀ိရိယတက်ကြွမှု တို့နဲ့ပြည့်စုံတဲ့ သည်းခံမှု၊ ခွင့်လွှတ်မှု၊ စွန့်လွှတ်မှု၊ စိတ်သဘောထားကြီးမှု၊ စိတ်ဓာတ်ရင့်ကျက်မှု စတဲ့ သူတော်ကောင်းတရားတွေနဲ့ ပြည်စုံတဲ့တရားလို့ ယူဆပါတယ်။ ထိုအရာများမှာ စိတ်ငြိမ်းချမ်းမှုနဲ့ ကိုယ်ကျင့်တရား တိုးတက်မှုအတွက် အခြေခံတရားများဖြစ်ပြီး ဗုဒ္ဓဟာ ဥပက္ခတရားကို ကမ္ဘာမြေကြီး (မတုန်မလှုပ် ကြံ့ခိုင်မှု)နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

တကယ်တော့ ထိုသူတော်ကောင်းတရားတွေဟာ ဘ၀တဏှာကိုအားပေးပြီး ကိလေသာတွေထူပြောနေတဲ့ လူ့လောကနဲ့ အံမ၀င်လှပါဘူး။ လူဆိုးတွေဟာ လူကောင်းတွေဆီမှ တောင်းဆိုမှုတွေ၊ တိုက်ခိုက်မှုတွေကို တိုက်ရိုက်တနည်း သွယ်ဝိုက်တစ်ဖုံနဲ့ ချောင်ပိတ်ပြုလုပ်တတ်ကြပါတယ်။ ဒါကြောင့် လောကရဲ့ဒုက္ခတွေကို သိမြင်သလို လူဆိုးတွေရဲ့ အနှောက်အယှက်ပေးခံရတဲ့ ကိုယ်ကျင့်တရားမြင့်မားသူတွေဟာ စိတ်ချမ်းသာမှုနဲ့ ကင်းဝေးကြရပြီး တစ်ချို့ဆိုရူးသွပ်သွားရပါတယ်။ ဒါကြောင့်လည်း သူတော်ကောင်းတွေဟာ လူ့လောကမှာမနေပဲ တောထွက်ကြတယ်ထင်ပါတယ်။ လူတွေဟာ ကောင်းတာလုပ်ရင် ကောင်းတာခံစားရလိမ့်မယ်လို့ ယုံကြည်ကြပေမဲ့ ကောင်းတာမခံစားရတဲ့အပြင် အခက်အခဲ အတိုက်အခံတွေက ပိုပိုလို့လာခဲ့ပါတယ်။ ဒါကြောင့်လည်း "နတ်ဘုရားတို့ ချစ်ခြင်းခံရသူသည် ငယ်ရွယ်စဉ်သေတတ်သည်" (Whom the gods love die young) ဆိုသော ဆိုရိုးစကားပေါ်လာတယ်ထင်ပါတယ်။ ကိုယ်ကျင့်တရားမြင့်မားသူတွေဟာ စီးပွားရေးနဲ့ နိုင်ငံရေးမှာ အောင်မြင်မှုရမှာ မဟုတ်ပါဘူး။

နောက်တစ်ခုကတော့ စာအုပ်တစ်အုပ်မှာဖတ်ဖူးတဲ့ယေးတက္ကသိုလ်'မှ လူမှုဗေဒပါမေက္ခ '၀င်ဒီဘဲ(လ်)'ရဲ့ Common Value (ကမ္ဘာ့ငြိမ်းချမ်းရေးဆီရှေ့ရှုသော အများညီတန်းဖိုးများ) ဆိုတဲ့ အဆိုပြုချက်ဖြစ်ပါတယ်။ (၁)Tolerance (သီးခံမှု) (၂)Compassion (စာနာမှု) (၃)Love kindness (မေတ္တာတရား) (၄)Honesty (ရိုးသားမှု) (၅)Welfare of future generation ( အရှည်မျော်တွေးနိုင်မှု) တို့ဖြစ်ပါတယ်။

လောကထဲမှာ တစ်ချို့အရာတွေဟာ အရမ်းနားလည်ရ လွယ်ကူပြီး၊ တစ်ချို့အရာတွေဟာ နားလည်ရခက်ပါတယ်။ နောက် နားလည်ရခက်တဲ့အရာတွေလည်း အချိန်အတိုင်းအတာတစ်ခု ရောက်လာတဲ့အခါမှာ နားလည်ရလွယ်သွားတတ်သလို အရင်က နားလည်ခဲ့တဲ့ အရာတွေက ပြန်နားမလည်ပဲ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ လူတွေအားလုံးကို တကယ်ကိုပဲ စေတနာထားချင်ပါတယ်။ ဖြစ်နိုင်ရင် ပိုင်ဆိုင်တဲ့အရာတွေအားလုံးကို ပေးလိုက်ချင်ပေမဲ့ ဒုက္ခသစ္စာကိုမသိသေးတော့ အတ္တလေးတစ်ခုကိုတော့ ချန်ထားခဲ့ချင်ပါသေးတယ်။ နောက်ဆုံးတော့ လောကထဲက ထင်သာမြင်သာမရှိပဲ မိမိဘာသာ သိတတ်နားလည်ရမဲ့ တာဝန်တွေကို အသိတရားတွေနဲ့ မြင်အောင်ကြည့်ရပါလိမ့်မယ်။ ဒီအသိတရားတွေကလည်း မတင်းလွန်း၊ မပျော့လွန်း၊ မပူလွန်း၊ မအေးလွန်း စတဲ့ အစွန်းတွေက လွတ်တဲ့တရားဖြစ်ဆို့လိုပါလိမ့်မယ်။ ဗုဒ္ဓဟောခဲ့တဲ့ မဇ္စျိမပဋိပဒ္ဒါကို မေ့လို့မဖြစ်ပါဘူး။

Ref: ဦးအေးမောင် ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ
ပါရဂူ မဟာက၀ိ
ကျော်ဝင်း နိစ္စများရဲ့ အနိစ္စ

..........................................................................................
မအင်ကြင်းသန့်ရဲ့ တက်ဂ်ပို့လေးပါ။ ပထမဆုံးပြောချင်တာက မအင်ကြင်းသန့်ရဲ့ တက်ဂ်ပို့ကို ခုလိုနှစ်လလောက်ကြာပြီးမှ ရေးနိုင်လို့ တောင်းပန်ပါတယ်လို့ပြောပါရစေ။ ဝေလေလေကျွန်တော်ဟာ မဟုတ်ကဟုတ်က ဂေါက်ကြောင်ကြောင် အရူးအတွေးတွေတွေးပြီး ဒီဘလော့ကို ဖျက်လိုက်မိပါတယ်။ ဒါပေမဲ့ ဘလော့နဲ့တော့ ဝေးကွာခြင်းတော့မရှိပါဘူး သူများဘလော့တွေကိုလိုက်ဖတ်ရင်း ကိုယ် comment ရေးနေကျအိမ်တွေဆီရောက်တော့ အိမ်ရှင်မသိစေပဲ လာလည်သလိုလို သူများစာကို ခိုးဖတ်သလိုလို စတဲ့လိပ်ပြာမသန့်တဲ့စိတ်တွေဖြစ်ခဲ့ရပါတယ်။ မအင်ကြင်းသန့် နဲ့ ကို ဏီတို့ တို့တက်ဂ်ထားတဲ့ပို့တွေကိုလည်း နေ့နေ့ညည သတိရနေပြီး စားမ၀င်အိပ်မပျော်ဖြစ်စေပါတယ်..:P ကိုဏီရဲ့ တက်ဂ်ပို့ကိုဒီနှစ်ရက်အတွင်း အပြတ်ဖြတ်ဆို့ ဆုံးဖြတ်ထားပါတယ်။ နောက်တစ်ခုက ဘလော့ကိုဖျက်လိုက်ရာ ကျွန်တော့ဘလော့ရဲ့ follower မနှင်းဆီဖြူကို အသိမပေးမိပါဘူး။ ဒီအတွက်လည်း နောင်တကြီးစွာခံစားရပြီးပြီဖြစ်လို့ ကျွန်တော့်အားနားလည်ခွင့်လွှတ်ပေးလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျား:D (ပြောချင်လို့ပြောတာမဟုတ်ဘူးနော် နှစ်တစ်ထောင်ဂျင်ဆေး မပေးတော့မှာစိုးလို့ :P)

6 comments:

အင်ကြင်းသန့် said...

အမလေးလေး...တစ်ခါလေးတက်ဂ်လိုက်မိတာ ဘယ်ထွက်ပြေးသွားသလဲလို့ ...အခုမှပဲ ဖြစ်ကြောင်းကုန်စင် သိရတော့တယ်...:)
ရေးထားလိုက်ပြန်တော့လည်း မြင့်လွန်းလို့ ခုံခုပြီး ဖတ်သွားပါတယ်...အရမ်းကောင်းတယ်...
မေတ္တာနဲ့ပတ်သက်လို့ ရေးဦးမယ်ဆိုလို့ စောင့်ဖတ်မယ်...
ရေးပေးတာ အရမ်းကျေးဇူးတင်တယ်...
ဘလော့ပြန်ရေးတဲ့ အတွက်လည်း ၀မ်းသာတယ်...
(ဒါနဲ့ အိမ်လေးက အရမ်းမှောင်ပြီး စာတွေကို အရမ်းမျက်စိ အားစိုက်ပြီး ဖတ်နေရတယ်...အဆင်ပြေရင် လင်းတာလေး တစ်ခုနဲ့ လဲလိုက်ပါလား...စာလာဖတ်သူတွေ အဆင်ပြေအောင်ပါ...ဆရာလုပ်တာမဟုတ်ပါ...လျှာရှည်သွားတာပါ ....:)))

ခင်မင်စွာဖြင့်
မအင်ကြင်း

သဒ္ဓါလှိုင်း said...

အသိတရားပိုစ့်ကိုအကြိမ်ကြိမ်ဖတ်သွားပါတယ်။ဖတ်ရင်းနဲ့လည်းအသိတရားတွေတိုးလာရပါတယ်။
ဆက်ပြီးအားပေးနေပါတယ်။

ခင်တဲ့
သဒ္ဓါ

Unknown said...

တော်ပါ.. ခုမှ လာပြီး အသိမပေးမိဘူးတွေဘာတွေလာ လုပ်မနေနဲ့... ဝမ်းနည်းတဲ့လူက နည်းပြီးသွားဘီ.. ချိတ်ချိုးတယ်... ဒါပဲ.. ဘာမှလာ မရှင်းပြနဲ့... ဂွပ်...(ဆောင့်ကြီး အောင့်ကြီးနှင့် laptop ကိုရိုက်သံ)

ပိုးဟပ်လေး said...

ရှုး...တိုးတိုး ( နှင်းဆီဖြူ စားနေတာ နှစ်တစ်ထောင် ဂျင်ဆင်းဆေး မဟုတ်ဖူး...
ကိုကိုသော် တစ်ခါက တုတ်ထိုးပြီး မီးကင်ပေးလိုက်တဲ့ ဆေးတဲ့ )

SHWE ZIN U said...

သိပ်ကောင်းတဲ့ အသိတရား လေးကို ဖတ်သွားပါတယ်

ခင်တဲ့
ရွှေစင်

မြတ်မွန် said...

ဘလော့ပြန်ရေးဖို့ မျှော်လင့်ပါတယ်..
ဟုတ်ပါ့ စာတွေက မြင့်လွန်းလို့ လည်ပင်းတောင် ညောင်းသွားပါတယ်..:P

Post a Comment

GO UP